Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မျိုးစေ့ နှင့် မျိုးစေ့ကြဲသူ

    ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာများကို လည်းကောင်း၊ ဘုရားသခင်သည် မိမိ၏ လူတို့အတွက် မည်သို့ လုပ်ဆောင်တော်မူသည်ကို ဥယျာဉ်စောင့်အဖြစ် ပုံဆောင်၍ လည်းကောင်း မျိုးစေ့ကြဲသူ၏ ဥပမာကို ဟောကြားတော်မူ၏။ မျိုးစေ့ကြဲသောသူသည် လယ်သို့ ဆင်း၍ မျိုးစေ့ကို ကြဲသကဲ့သို့ ကိုယ်တော်သည် သမ္မာတရားမျိုးစေ့ကို ကြဲဖြန့်ရန် ဤလောကသို့ ကြွလာတော်မူ၏။ ဥပမာပုံဆောင်၍ ဟောကြားတော်မူသော ကိုယ်တော်၏ ဒေသနာတော်သည်ပင်လျှင် တရားမျိုးစေ့ ဖြစ်၍ ယင်းမျိုးစေ့အားဖြင့် ကိုယ်တော်ရှင်၏ ကျေးဇူးကရုဏာတော် တည်းဟူသော မွန်မြတ်လှသည့် သမ္မာတရားတော်ကို စိုက်ပျိုးကြဲဖြန့်တော်မူ၏။ ရိုးရိုးကလေးနှင့် လွယ်ကူစွာ နားလည်နိုင်သော ပုံဆောင်မှု တစ်ခုဖြစ်နေသောကြောင့် မျိုးစေ့ကြဲသူ၏ ဥပမာကို အလေးပြုသင့်သလောက် မပြုကြပါ။ သဘာဝမျိုးစေ့ကို မြေတွင် ကြဲဖြန့်သည်ကို အကြောင်းပြု၍ ခရစ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ဧဝံဂလိ သတင်းစကားမျိုးစေ့ကို စိုက်ပျိုးရန် အလိုရှိတော်မူ၏။ ယင်းသို့ စိုက်ပျိုးပေးခြင်းအားဖြင့် လူသားအား ဘုရားသခင်၏ ကျေးဇူးသစ္စာတော်ကို ပြန်လည် စောင့်သိရိုသေစေ၏။သေးငယ်သော မျိုးစေ့ကို ဥပမာပြု၍ ဩဝါဒပေးတော်မူသော အရှင်သည် ကောင်းကင်ဘုံကို အုပ်စိုးတော်မူသော အရှင် ဖြစ်တော်မူ၏။ မြေတွင် မျိုးစေ့ကြဲရာ၌ စိုးမိုးသော ဓမ္မတာတရားသည်ပင်လျှင် သမ္မာတရားမျိုးစေ့ကြဲရာ၌လည်း စိုးမိုးပါသည်။COLB 15.1

    ဂါလိလဲအိုင် အနီးတွင် စိတ်အားထက်သန်စွာ စောင့်မျှော်နေသော ပရိသတ်ကြီး စုဝေးလျက် ရှိပါသည်။ နာမကျန်းသူများကလည်း အသနားခံရန် ဖျာများနှင့် လဲလျောက်၍ ကိုယ်တော်ကို စောင့်နေကြပါ သည်။ ပူဆွေးဒုက္ခသည်များအား ရောဂါကင်းငြိမ်းစေနိုင်ခြင်းမှာ ခရစ်တော်အား ဘုရားသခင် ပေးတော်မူသည့် အခွင့်အာဏာ ဖြစ်၍ အနာရောဂါကို ပြစ်တင်ဆုံးမတော်မူ၏။ ထိုကြောင့် ကိုယ်တော်ရှင်၏ ဝန်းကျင်၌ ကျန်းမာခြင်း၊ ငြိမ်သက်ခြင်း နှင့် အသက်ရှင်ခြင်းတို့ ဝန်းရံလျက် ရှိပါ၏။COLB 15.2

    လူပရိသတ်များလာသည်နှင့်အမျှ ခရစ်တော်၏ ဝန်းကျင်တွင် လူများ ကျပ်သိပ်၍ နေစရာနေရာ မရှိလောက်အောင် ဖြစ်လာပါသည်။ သို့ဖြစ်၍ ရေအိုင် တစ်ဖက်ကမ်းသို့ ခေါ်ဆောင်သွားရန် အသင့် စောင့်နေသော လှေအတွင်း၌ ရှိသည့် လူအချို့ကို စကားတစ်ခွန်းမျှ ပြောပြီးလျှင် ကိုယ်တော်သည် လှေတွင်းသို့ ဆင်း၍ လှေကို ကမ်းမှ အနည်းငယ် ခွာစေလျက် ကမ်းပေါ်ရှိ ပရိသတ်ကြီးအား တရားဟောကြားတော်မူ၏။COLB 16.1

    ပင်လယ်ရေပြင်၏ တစ်ဖက်တွင် လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော ဂင်နေသရက် လွင်ပြင်၏ နောက်ဆွယ်တွင် ညို့ဆိုင်းသော တောင်ကုန်းများ ဆင့်ကဲဆင့်ကဲ တက်ဆင်းလျက် ရှိသော တောင်ကမ်းပါးယံ နှင့် လွင်ပြင်ပေါ်တွင် မျိုးစေ့ကြဲနေသူများ နှင့် ရိတ်သိမ်းနေသူများမှာလည်း အလုပ် များလျက် ရှိနေကြပါသည်။ တစ်ဦးသော သူသည် မျိုးစေ့ကို ကြဲနေချိန်၌ပင် အခြား သူတစ်ဦးမှာ ကောက်လျင်များကို ရိတ်သိမ်းလျက် ရှိနေပါသည်။ ခရစ်တော်အရှင်သည် ယင်း မြင်ကွင်းကို ရှုမျှော်လျက် မိန့်တော်မူသည်ကား -COLB 16.2

    “မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့တို့သည် လမ်း၌ ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စားကြ၏။ အချို့သော အစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ ကျသဖြင့် မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း နေထွက်သောအခါ ပူလောင်သည် ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ရောက်ကြ၏။ အချို့သော အစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။ အချို့သော အစေ့တို့သည် ကောင်းသော မြေ၌ ကျသဖြင့် အဆသုံးဆယ် အဆခြောက်ဆယ်၊ အဆတစ်ရာများ၍ အသီးသီးကြ၏။” COLB 16.3

    ခရစ်တော်၏ သာသနာပြုအမှုတော်ကို ထိုခေတ်က လူတို့ နားမလည်ကြ။ သူတို့ မျှော်လင့် စောင့်စားနေသည့် ပုံစံအတိုင်း ခရစ်တော်ကြွလာတော်မူသည် မဟုတ်။ သူတို့၏ ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက်များသည် ဘုရားရှင်၏ ပညတ်ချက်များ ဖြစ်ပါသည်။ ယဇ်ပူဇော်ခြင်းဆိုင်ရာ ထုံးစံဓလေ့များသည် ချိန်းချက်ထားသော အချိန်ကာလသို့ ရောက်သောအခါ ကိုယ်တော် ကြွလာတော်မူမည်ကို ညွှန်ပြလျက် ရှိကြောင်း ယင်းခေတ် လူတို့အား သွန်သင်ရန် ကြံရွယ်ထားခြင်း ဖြစ်ပါသည်။ ထိုကြောင့် ယုဒလူတို့၏ စားဝတ်နေရေး အလုံးစုံသည် ယေရှုရှင်ကို အမှီပြု၍ နေပါသည်။ သို့သော် ယုဒလူတို့သည် ယင်း ထုံးစံဓလေ့များ နှင့် ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ နည်းလမ်းများကိုသာ အရေးပေးလွန်းသဖြင့် ရည်ရွယ်ချက် အမှန်ကို မျက်ခြည်ပြတ်နေကြပါသည်။ လူတို့၏ ရိုးရာများ၊ ထုံးတမ်းစဉ်လာများ နှင့် နည်းဥပဒေများသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားလိုက်ပါသည်။ ၎င်းအပြင် မှန်သော ဘုရားဝတ်ပြုကိုးကွယ်ခြင်းကို နားလည် လိုက်လျှောက်နိုင်ရန်အတွက် အဆီးအတား ဖြစ်လာတော့၏။ ထိုကြောင့် ခရစ်တော်အရှင်သည် လူသားအဖြစ်နှင့် အမှန်တကယ် ကြွလာတော်မူသောအခါ သူတို့အတွက် အရိပ်နိမိတ်ဖြင့် ဖော်ညွှန်းခဲ့သည့် အကြောင်းရင်းကို လည်းကောင်း၊ သူတို့ ပုံဆောင် ဝတ်ပြုပူဇော်ခဲ့သည်များ ပြီးပြည့်စုံပြီ ဖြစ်ကြောင်းကို လည်းကောင်း သူတို့ မသိမမြင်နိုင်ကြ။ သူတို့သည် ဥပမေယျ တည်းဟူသော အမှန်ဖြစ်ရပ်ကို ငြင်းပယ်၍ ဥပမာပုံစံ ဖြစ်သော အလဟဿ အခမ်းအနားများကိုသာ စွဲကိုင်ထားကြ၏။ ဘုရားသခင်၏ သားတော် ကြွလာတော်မူပြီးသော်လည်း ကြွလာမည့် နိမိတ်လက္ခဏာများကို တောင်းဆိုနေကြဆဲပင် ဖြစ်သည်။ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီပြီ၊ ထိုကြောင့် နောင်တရကြလော့” ဟူသော သတင်းစကားကို ကြားနေရပါလျက် နိမိတ်လက္ခဏာကိုသာ တောင်းဆိုနေကြပါသည်။ မ၊ ၃:၁၊ ၂။ သူတို့သည် ကယ်တင်ရှင်ကို တောင်းဆိုရမည့်အစား နိမိတ်လက္ခဏာကိုသာ တောင်းဆိုနေကြသောကြောင့် ခရစ်တော်၏ ဧဝံဂလိတရားတော်သည် သူတို့အတွက် ထိမိ၍လဲစရာ ဖြစ်နေပါသည်။ ပျက်စီးယိုယွင်းနေသော လောကီနိုင်ငံများကို တန်ခိုး အင်အားကြီးစွာဖြင့် ပြန်လည် တည်ထောင်မည့် မေရှိယ အရှင်ကို စောင့်မျှော်နေကြ၏။ ယင်းသို့ စောင့်မျှော်နေခြင်းကို ခရစ်တော်သည် မျိုးစေ့ကြဲသောသူကို ဥပမာပုံဆောင်၍ ဖြေကြားတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်သည် လက်နက်အင်အားဖြင့် မဟုတ်၊ အင်အားကြီးမားစွာဖြင့် ကြားဝင် ဖျန်ဖြေမှုမျိုးလည်း မဟုတ်ဘဲ လူသားတို့ စိတ်နှလုံးအတွင်း၌ အခြေခံ သဘောတရားသစ်ကို နှလုံးသွင်းစေခြင်းသာ အောင်မြင် စိုးမိုးရန် ဖြစ်ပါသည်။COLB 17.1

    “ကောင်းသော မျိုးစေ့ကို ကြဲသောသူသည် လူသား ဖြစ်၏” မဿဲ၊ ၁၃:၃၇။ ခရစ်တော်သည် မျိုးစေ့ ကြဲသောသူကဲ့သို့ ကြွလာတော်မူ၏။ တိုင်းနိုင်ငံတို့ကို တွန်းလှန် ဖြိုဖျက်ရန် ကြွလာတော်မူသည် မဟုတ်။ မျိုးစေ့ကြဲရန် ဖြစ်တော်မူ၏။ လောကီ အောင်မြင်ခြင်း နှင့် လူမျိုးရေး ထင်ရှား ကျော်ကြားမှုအတွက် တပည့်တော်များအား လမ်းညွှန်ရန်လည်း မဟုတ်၊ ဆုံးရှုံးနစ်နာခြင်းများ နှင့် စိတ်ပျက်စရာများကို အောင့်အည်းသည်းခံ၍ ကြိုးစား အားထုတ်ဆောင်ရွက်ခြင်းဖြင့် ရိတ်သိမ်းရမည့် အကျိုးကျေးဇူးများ အကြောင်းကို တပည့်တော် အပေါင်းအား သွန်သင်ရန် ဖြစ်တော်မူ၏။COLB 18.1

    ဖါရိရှဲတို့သည် ခရစ်တော်၏ ဥပမာကို နားလည်သဘောပေါက်ကြသော်လည်း ယင်း သင်ခန်းစာကို မခံမယူနိုင်ကြ။ နားမလည်ယောင်ဆောင်ကြ၏။ လူထုပရိသတ်ကြီးအတွက်မှာမူကား ဆရာတော်သစ်၏ဩဝါဒများမှာ ပို၍ ကျယ်ပြန့်နက်နဲနေပါသည်။ ကိုယ်တော်၏ နှုတ်တော်ထွက် စကားများသည် သူတို့၏ စိတ်နှလုံးကို ထူးခြားစွာ လှုပ်ရှားစေသော်လည်း သူတို့ ရည်မှန်းခဲ့ကြသည့် ကြီးပွားအောင်မြင်လိုစိတ် နှင့် မညီညွတ်၍ ခါးခါးသီးသီး စိတ်ပျက်ကြ၏။ တပည့်တော်ရင်းများပင်လျှင် ဥပမာကို နားမလည်ကြသော်လည်း စိတ်ပါဝင်စားလာကြသည် ဖြစ်၍ ယေရှုရှင်ထံသို့ လျှို့ဝှက်စွာ ချဉ်းကပ်လျက် အဓိပ္ပါယ်ကောက်ယူပုံကို မေးလျောက်ကြပါသည်။COLB 18.2

    ခရစ်တော်သည် ယင်းအတိုင်းပင် ဖြစ်စေလိုတော်မူ၏။ တပည့်တော်များအနေဖြင့် အဓိပ္ပါယ်ကို သိလိုသော စိတ်များ ပေါ်ပေါက်၍ မေးမြန်းကြရန် ကိုယ်တော် အလိုရှိတော်မူ၏။ သို့မှသာလျှင် ပိုမို တိကျသောသွန်သင်မှုကို ပြုတော်မူနိုင်လိမ့်မည်။ ထိုကြောင့် တပည့်တော်များ အား ဥပမာကို ရှင်းပြတော်မူ၏။ ထိုနည်းအတူ ရိုးသားသော စိတ်ထားဖြင့် နှုတ်ကပါတ် တရားတော်ကို ရှာဖွေလေ့လာ၍ မေးမြန်းသော သူတို့အားလည်း အဓိပ္ပါယ် လွယ်ကူရှင်းလင်းစေရန် ဖော်ပြတော်မူလမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော် ပေးတော်မူသည့် အလင်းရောင်ကို လက်ခံ၍ နှုတ်ကပါတ် တရားတော်ကို လေ့လာသင်ကြား သူတို့သည် နှုတ်ကပါတ် တရားတော်၏ အနက်အဓိပ္ပါယ်များကို နားမလည်နိုင်လောက်အောင် မှောင်မိုက် ဖုံးလွှမ်း၍ နေလိမ့်မည် မဟုတ်ပါ။ ခရစ်တော် မိန့်တော်မူခဲ့သည်မှာ “အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤ ဒေသနာသည် ဘုရားသခင်၏ ဒေသနာတော် ဖြစ်သလော၊ ငါသည် ကိုယ် အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍ သိလိမ့်မည်။” ယော၊ ၇:၁၇။ သမ္မာတရားတော်ကို ပိုမို ရှင်းလင်းစွာ နားလည် သဘောပေါက်လိုသော စိတ်နှင့် ခရစ်တော်ထံသို့ ချဉ်းကပ်သော သူအပေါင်းသည် အသိပညာကို လက်ခံရရှိကြလိမ့်မည်။ကောင်းကင်နိုင်ငံတော်၏ နက်နဲရာတို့ကို နားလည်ခွင့် ရရှိကြလိမ့်မည်။ စိတ်နှလုံး ဗိမာန်တွင်းသို့ ကောင်းကင် အလင်းတော်သည် ထွန်းလင်း၍ မှောင်မိုက် ဖုံးလွှမ်းနေသော လမ်းခရီးအတွက် ထွန်းညှိထားသော မီးအိမ်ကဲ့သို့ သူတစ်ပါးတို့အတွက် အကျိုးထူးလိမ့်မည်။COLB 18.3

    “မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ထွက်သွား၏” အရှေ့နိုင်ငံများတွင် အခြေအနေ မငြိမ်သက်မှုများကြောင့် ရန်သူတို့ ကျူးကျော်ဖြိုဖျက်ခြင်းမှ ကာကွယ်ရန် ထို ခေတ်ကာလက လူတို့သည် မြို့ရိုးများအတွင်း နေထိုင်လေ့ရှိကြပါသည်။ ထိုကြောင့် လယ်လုပ်သောသူသည် မြို့ရိုး အပြင်ရှိ လယ်ယာကိုင်းကျွန်းသို့ နေ့စဉ် ထွက်သွားရပါသည်။ ထိုနည်းအတူ ကောင်းကင်မျိုးစေ့ ကြဲတော်မူသည့် ခရစ်တော်သည်လည်း မျိုးစေ့ကို ကြဲခြင်းငှါ ထွက်ခွာခဲ့တော်မူ၏။ ကိုယ်တော်သည် လုံခြုံငြိမ်သက်သည့် အိမ်တော်ကို စွန့်ခွာခဲ့၏။ ကမ္ဘာမတည်မရှိမီကပင် ခမည်းတော်နှင့်အတူ ခံစားရသော ဘုန်းစည်းစိမ်ကို စွန့်ခွာခဲ့တော်မူ၏။ စင်္ကြာဝဠာကြီး တစ်ခုလုံးကို ပိုင်သအုပ်စိုးတော်မူသည့် ပလ္လင်တော်ကို စွန့် ခွာခဲ့တော်မူ၏။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဒုက္ခဝေဒနာကို ရင်ဆိုင်ရသည့် လူသားဘဝကို ခံယူရန် ထွက်ခွာခဲ့တော်မူ၏။ ပျောက်ဆုံးနေသော ကမ္ဘာလောကကြီးပေါ်တွင် အသက်ပင် စိုက်ပျိုး၍ ပင်ပန်းကြီးစွာ ကြိုးပမ်းလျက် အသွေးတော်ဖြင့် ရေလောင်းရန် တစ်ကိုယ်တည်း အိမ်တော်မှ ထွက်ခွာခဲ့တော်မူပါသည်။COLB 19.1

    ကိုယ်တော်ရှင်၏ အမှုတော်ဆောင်များသည်လည်း ယင်း ပုံစံအတိုင်း မျိုးစေ့ ကြဲဖြန့်ရန် ထွက်ခွာရကြပါမည်။ အာဗြဟံသည် သမ္မာတရားမျိုးစေ့ ကြဲသူအဖြစ် “သင်၏ ပြည်နှင့်တကွ အမျိုးသားချင်း ပေါက်ဖေါ်များထဲက ထွက်ပြီးလျှင် ငါပြလတ္တံ့သော ပြည်သို့ သွားလော့” ဟု ခေါ်တော်မူခြင်းကို ခံရသောအခါ (က၊ ၁၂:၁) “သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ … ထွက်သွားလေ၏။” ဟေဗြဲ၊ ၁၁:၈။ ထိုနည်းအတူ တမန်တော် ရှင်ပေါလုသည် ယေရုရှလင်မြို့ ဗိမာန်တော်တွင် ဆုတောင်းလျက် ရှိနေစဉ် “သွားလော့၊ ငါသည် တစ်ပါးအမျိုးသားတို့ ရှိရာသို့ သင့်ကို ဝေလှစွာစေလွှတ်မည်” ဟု ဘုရားသခင်၏ အထံတော်မှ သတင်းစကား ရောက်လာခဲ့သည်။ တ၊ ၂၂:၂၁။ ထိုကြောင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ရန် ခေါ်တော်မူခြင်းကို ခံရသော သူတို့သည် ကိုယ်တော်၏ နောက်တော်သို့ လိုက်လျှောက်နိုင်ရန်အတွက် မိမိတို့၌ ရှိသမျှကို စွန့်လွှတ်ရမည်၊ မိတ်ဆွေ အပေါင်းအဖေါ်များနှင့် ခွဲခွာရမည်၊ ဘဝအသက်တာ၏ အကြံအစည်များကို စွန့်လွှတ်ရမည်၊ လောကီရေးရာ မျှော်မှန်းချက်များကို မေ့ဖျောက်ရမည်။ ပင်ပန်းကြီးစွာ အားထုတ်ဆောင်ရွက်ခြင်းအားဖြင့် လည်းကောင်း၊ တစ်ကိုယ်တည်း နေခြင်းဖြင့် လည်းကောင်း၊ ကိုယ်ကျိုးစွန့်၍ အနစ်နာခံခြင်းဖြင့် လည်းကောင်း မျိုးစေ့ကို ကြဲဖြန့်ရမည်။COLB 20.1

    “မျိုးစေ့ကြဲသောသူသည် တရားစကားကို ကြဲ၏” ခရစ်တော်သည် ဤ လောကတွင် သမ္မာတရားမျိုးစေ့ကို ကြဲရန် ကြွလာတော်မူ၏။ လူသား ကျဆုံးချိန်မှ အစပြု၍ စာတန်သည် မတရားသော မျိုးစေ့များကို ကြဲနေ၏။ သူသည် မုသားစကားကို အသုံးပြု၍ လူကို အောင်နိုင်ခဲ့၏။ ယခုကာလတွင်လည်း ယင်းနည်းအတိုင်းပင် ဆက်လက်၍ မြေကြီးပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော်ကို ဖြိုလှဲမှောက်လှန်၍ လူကို အုပ်စိုးရန် လုပ်ဆောင်လျက်ပင် ရှိသေး၏။ အထက်ကမ္ဘာမှ မျိုးစေ့ကြဲသူ ခရစ်တော်အရှင်သည် သမ္မာတရားမျိုးစေ့ကို ကြဲရန် ကြွလာတော်မူ၏။ ဘုရား ကိုယ်တော်ရှင်၏ အတိုင်ပင်ခံ ဖြစ်တော်မူ၍ ထာဝရ သန့်ရှင်းရာ ဗိမာန်တော်၌ နေတော်မူသော ကိုယ်တော်သည် လူတို့အတွက် သန့်ရှင်းမြင့်မြတ်တော်မူသော သမ္မာတရား၏ အခြေခံ သဘောတရားများကို ယူဆောင်နိုင်ခဲ့တော်မူ၏။ လူသား ကျဆုံးသော အချိန်မှ အစပြု၍ ခရစ်တော်သည် ကမ္ဘာလောကကြီးအား သမ္မာတရားတော်ကို ဖွင့်ပြတော်မူသော အရှင် ဖြစ်တော်မူ၏။ ကိုယ်တော်အားဖြင့် မဖေါက်ပြန် မပျက်စီးနိုင်သော မျိုးစေ့တည်းဟူသော “အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏ နှုတ်ကပါတ်တော်” ကို လူတို့အား ဝေငှပေးကမ်းတော်မူ၏။ ၁ ပေ၊ ၁။ ၂၃။ ဧဒင်အရပ်၌ ကျဆုံးသော လူသားအား ပထမအကြိမ် ပေးတော်မူသည့် ကတိတော်သည်လည်း သမ္မာတရားမျိုးစေ့ကို ခရစ်တော်ကြဲတော်မူခဲ့ခြင်းပင် ဖြစ်ပါသည်။ မျိုးစေ့ကြဲသောသူ၏ ဥပမာသည် လူသားတို့တွင် ကိုယ်တော်ရှင် ကိုယ်တိုင် အမှုတော် ဆောင်ရွက်ခြင်း နှင့် ယင်း ဆောင်ရွက်ပြီးသည့် အမှုတော်ကို ခိုင်ခံ့စွာ တည်ထောင်ထားတော်မူသည်ကို ပုံဆောင်ထားပါသည်။COLB 20.2

    ဘုရားသခင်၏ နှုတ်ကပါတ်တော်သည် မျိုးစေ့ ဖြစ်၏။ မျိုးစေ့တိုင်းတွင် အပင်ပေါက်စေသည့် မူလ သဘောတရား ပါဝင်၏။ ယင်း မျိုးစေ့တွင် အပင်အတွက် အသက်ကို သွတ်သွင်းထားပါသည်။ ထိုနည်းအတူ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်တွင်လည်း အသက် ပါဝင် ပါသည်။ ထိုကြောင့် “ငါပြောသော စကားသည် ဝိညာဉ် ဖြစ်၏။ အသက်လည်း ဖြစ်၏” ဟူ၍ လည်းကောင်း၊ “ငါ့ စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသော သူကို ယုံကြည်သော သူသည် ထာဝရ အသက်ကို ရသည်” ဟူ၍ လည်းကောင်း ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၆:၆၃။ ယော၊ ၅:၂၄။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်၌ ပါရှိသော ပညတ်တရား ရှိသမျှသည် လည်းကောင်း၊ ကတိတော် ရှိသမျှ သည်လည်းကောင်း တန်ခိုးတော် ဖြစ်၏။ ဘုရားသခင်၏ အသက်တော်လည်း ဖြစ်၏။ ၎င်းအားဖြင့် ပညတ်တော် တည်၍ ကတိတော်သည် သရုပ်သကန် ပေါ်၏။ ယုံကြည်ခြင်းအားဖြင့် နှုတ်ကပါတ်တော်ကို လက်ခံသော သူသည် ဘုရားသခင်၏ အသက်တော် နှင့် ဂုဏ်အင်္ဂါတော်ကို လက်ခံသော သူ ဖြစ်၏။COLB 21.1

    မျိုးစေ့တိုင်း အမျိုးကို လိုက်၍ အသီးသီးတတ်၏။ အခြေမှန်အနေမှန်အတိုင်း မျိုးစေ့ကို စိုက်ပျိုးလျှင် အပင်အတွက် အလိုအလျောက် အသက် ဖြစ်ထွန်းလိမ့်မည်။ မဖေါက်ပြန် မပျက်စီးတတ်သော နှုတ်ကပါတ် တရားတော်ကို ယုံကြည်ခြင်းဖြင့် စိတ်နှလုံးတွင် လက်ခံပါက ဘုရားရှင်၏ ဂုဏ်အင်္ဂါတော်နှင့် ယှဉ်သော အကျင့်စာရိတ္တ နှင့် အသက်ကို လက်ခံ ရရှိလိမ့်မည်။COLB 22.1

    ဣသရေလ ဓမ္မဆရာများသည် နှုတ်ကပါတ် တရားတော် မျိုးစေ့ကို မကြဲမဖြန့်ကြပါ။ သမ္မာတရားတော်အတွက် ဓမ္မဆရာအနေဖြင့် ခရစ်တော်၏ ဆောင်ရွက်မှုသည် ထို ခေတ်ကာလက ဓမ္မဆရာများနှင့် ထူးခြားစွာ ကွဲပြားခြားနားခဲ့ပါသည်။ ယင်း ဆရာများသည် ရိုးရာဓလေ့ပေါ်တွင် မှီငြမ်းပြုကြ၏။ လူတို့၏ စိတ်ကူးယူဆချက်များ နှင့် တွေးဆချက်များပေါ်တွင် ရပ်တည်ကြပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ်တော်အစား နှုတ်ကပါတ်တော်နှင့် ပတ်သက်၍ လူတို့ လေ့လာ ရေးသားချက်များကို အစားထိုးကြ၏။ ၎င်းတို့၏ သင်ကြားပို့ချမှုများတွင် စိတ်နှလုံးကို နိုးကြားထကြွစေနိုင်သော တန်ခိုးစွမ်းအား မပါမရှိ။ ခရစ်တော် ဟောကြား သွန်သင်တော်မူသော အကြောင်းအရာများမှ နှုတ်ကပါတ်တော် တရားတော် ဖြစ်၏။ မေးလာသော မေးခွန်းများနှင့် ပတ်သက်၍ “ကျမ်းစာလာသည်ကား” ဟူ၍ လည်းကောင်း၊ “ကျမ်းစာ၌ သင်တို့ မဖတ်ဖူးသလော” ဟူ၍ လည်းကောင်း၊ “ဖတ်သော အရာကို နားလည်ပါ၏လော” ဟူ၍ လည်းကောင်း၊ “ဖတ်သော အရာကို ဖြေဆို ရင်ဆိုင်တော်မူ၏။ မိတ်ဆွေ ဖြစ်စေ၊ ရန်သူ ဖြစ်စေ စိတ်ဝင်စားမှု နိုးကြွထကြွ၍ မေးလာသောအခါ ယင်း နည်းများဖြင့် နှုတ်ကပါတ် တရားတော် မျိုးစေ့ကို ကြဲတော်မူ၏။ လမ်းခရီးလည်း ဖြစ်၊ သမ္မာတရားလည်း ဖြစ်၊ အသက်လည်း ဖြစ်တော်မူသော ကိုယ်တော်ရှင် ကိုယ်တိုင်သည် အသက်ရှင်တော်မူသော နှုတ်ကပါတ်တော် ဖြစ်တော်မူသည့်အလျောက် သမ္မာကျမ်းစာတော်မြတ်ကို ညွန်ပြ၍ “ထို ကျမ်းစာပင် ငါ၏ သက်သေ ဖြစ်၏” ဟူ၍ လည်းကောင်း၊”မောရှ၏ ကျမ်းစာမှ စ၍ ပုရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှ” ကို တပည့်တော်တို့အား ဖွင့်ဟမိန့်မြွက်တော်မူ၏။ ယော၊ ၅:၃၉။ လု၊ ၂၄:၂၇။COLB 22.2

    ခရစ်တော်၏ အမှုတော်ထမ်းများအနေဖြင့်လည်း ယင်း လုပ်ငန်းကိုပင် ဆောင်ရွက်ကြရပါမည်။ ကျွန်ုပ်တို့ ခေတ်ကာလတွင်လည်း ရှေးယခင်အချိန်ကာလကဲ့သို့ပင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်တွင် ပါရှိသော အသက်နှင့် စပ်ဆိုင်သည့် သစ္စာတရားများကို ပယ်၍ လူတို့၏ စိတ်ကူး ယူဆချက် သီအိုရီများ နှင့် တွေးဆချက်များကို အစားထိုးကြ၏။ ဧဝံဂလိဓမ္မဆရာ အခေါ်ခံသူများသည်ပင်လျှင် သမ္မာကျမ်းစာ တစ်အုပ်လုံးကို ဝိညာဉ်တော်၏ လှုံ့ဆော်မှုဖြင့် ရေးသားထားသော နှုတ်ကပါတ်တော်ဟူ၍ မယူဆကြပါ။ ပညာရှိ တစ်ဦးက ကျမ်းတစ်ပိုဒ်ကို ငြင်းပယ်၍ နောက်တစ်ဦးက နောက်တစ်ပိုဒ်ကို ငြင်းပယ်ပြန်၏။ မိမိတို့ ဝေဖန် ဆုံးဖြတ်ချက်များကို နှုတ်ကပါတ်တော်ထက် အထက်တန်း ကျသည်ဟု ယူဆကြပြီးလျှင် သူတို့၏ အခွင့်အာဏာပေါ် မူတည်သော သမ္မာကျမ်းစာကို သင်ကြားပို့ချကြ၏။ ဘုရားသခင်၏ စစ်မှန်သော သက်သေခံချက်ကို ဖျက်ဆီးကြ၏။ ယင်းနည်းဖြင့် ဘုရားတရား မကြည်ညို မယုံကြည်သော မျိုးစေ့တို့ကို အနှံ့အပြား ကြဲဖြန့်ကြ၏။ လူတို့သည်လည်း စိတ်ရှုပ်ထွေး၍ ဘာကို ယုံကြည်ရမည်ဟု မသိလောက်အောင် ဖြစ်ကြတော့၏။ အသိဉာဏ်ဖြင့် ဆင်ခြင်၍ မနှစ်သက် လက်မခံထိုက်သော အယူဝါဒများစွာပင် ရှိပါသည်။ ဤ လောကတွင် ခရစ်တော် သက်တော်ထင်ရှား ရှိတော်မူခဲ့စဉ်က ဓမ္မဆရာများသည် သမ္မာကျမ်းစာတော်မြတ်မှ အများသော အစိတ်အပိုင်းများကို နားလည်ရန် ခက်ခဲလောက်အောင် အထူး အဓိပ္ပါယ် ကောက်ယူခြင်းများ ပြုကြပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်က ထင်ရှား နားလည်လွယ်အောင် သွန်သင်ပြသမှုကြောင့် သူတို့၏ အလေ့အကျင့်များ မှားယွင်းနေကြောင်း ဖေါ်ထုတ်နေသဖြင့် နှုတ်ကပါတ် တရားတော်၏ တန်ခိုးစွမ်းအား ကို ဖျက်ဆီးရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ယနေ့ ကာလတွင်လည်း ယင်းအတိုင်းပင် ပြုလုပ်နေကြပါသည်။ ပညတ်တော်ကို သူတို့ ကျူးလွန်နေကြသည်ကို ဖုံးကွယ်လိုသဖြင့် နှုတ်ကပါတ် တရားတော်သည် နားလည်ရန် ခက်ခဲ၍ အဓိပ္ပါယ် မထင်ရှားသည့် အနေသို့ ရောက်အောင် ဖန်တီးကြ၏။ ခရစ်တော်လက်ထက်မှာပင် ယင်း အပြုအမူများကို ပြစ်တင်ဆုံးပတော်မူခဲ့ပါသည်။ နှုတ်ကပါတ် တရားတော်ကို လူတိုင်း နားလည် သဘောပေါက်ရမည်ဟု သင်ကြားတော်မူခဲ့ပါသည်။ သမ္မာကျမ်းစာ၏ အခွင့်အာဏာကို ယုံမှား သံသယဖြစ်စရာ အကြောင်း လုံးတ မရှိကြောင်း ထောက်ပြတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ယင်း အတိုင်းပင် ထောက်ပြကြရန် တာဝန် ရှိပါသည်။ သမ္မာကျမ်းစာသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ နှုတ်ကပါတ်တော် ဖြစ်ကြောင်း အမှား နှင့် အမှန် တိုက်ပွဲကြီး၏ အဆုံးသတ်လည်း ဖြစ်ကြောင်း နှင့် ယုံကြည်ခြင်း အပေါင်း၏ အခြေအမြစ်လည်း ဖြစ်ကြောင်း တင်ဆက်ရကြပါမည်။COLB 23.1

    သမ္မာကျမ်းစာတော်မြတ်၏ တန်ခိုးအာနုဘော်ကို အလွဲသုံးစားပြုနေကြသောကြောင့် ဝိညာဉ်ရေး အသက်တာ ကျဆင်းဆုတ်ယုတ်နေသည်ကို တွေ့မြင်နိုင်ပါသည်။ ယနေ့ကာလတွင် အများသော တရားပလ္လင်များမှ ဟောပြောနေကြသော ဓမ္မဒေသနာများတွင် ဝိညာဉ် တစ်ခုကို အသက်ရှင်စေခြင်း နှင့် ဩတ္တပ္ပစိတ်ကို နိုးကြားစေလောက်အောင် ဘုရားသခင်ကို ထုတ်ဖေါ်တင်ပြချက်များ မပါမဝင်ပါ။ “လမ်းခရီး၌ ငါတို့နှင့် ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ် ဖြစ်သည် မဟုတ်လော” ဟု တရားနာသူများက ပြောလောက်ဖွယ်ရာ မပါမရှိ။ လု၊ ၂၄:၃၂။ အသက်ရှင်တော်မူသော ဘုရားရှင်ကို မျှော်လင့်တောင့်တနေသူ အများ ရှိကြပါသည်။ ကျိုးကြောင်း ဆင်ခြင်တုံတရား သီအိုရီများ၊ သို့မဟုတ် စာပေကျမ်းဂမ်နှင့် စပ်ဆိုင်သော စာတမ်းများ မည်မျှပင် ထွန်းပြောင်စေကာမူ စိတ်ကျေနပ်မှုကို မပေးနိုင်။ လူတို့၏ အခိုင်အမာ ပြောဆိုချက်များ၊ အတည်ပြချက်များ နှင့် တီထွင်ကြံဆချက်များသည် အဓိပ္ပါယ် တန်ဖိုး မရှိ၊ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်က လူတို့အား ပြောကြားပါစေ။ ထုံးစံဓလေ့များ၊ လူတို့၏ စိတ်ကူးယူဆချက် များ နှင့် လိုက်နာနေကျ အစဉ်အလာများကိုသာ ကြားသိနေသူများအား ထာဝရ အသက်ကို ပေးနိုင်စွမ်း ရှိသည့် ကိုယ်တော်၏ နှုတ်ကပါတ် တရားတော်ကို ကြားပြောကြပါလော့။COLB 24.1

    ဟောပြောသွန်သင်ရန် ခရစ်တော် နှစ်သက်မြတ်နိုးတော်မူသော တရားတော်မှာ ဘုရားသခင်၏ ပြည့်စုံကုံလုံသော ကျေးဇူးတော် နှင့် ဖခင် ပီသစွာ ထောက်ထားညှာတာတော်မူခြင်း အကြောင်းပင် ဖြစ်ပါသည်။ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်တော်မူသော ဂုဏ်အင်္ဂါတော် နှင့် ပညတ်တော် အကြောင်းကို မြောက်များစွာ ဟောကြားသွန်သင်တော်မူ၏။ ကိုယ်တော်သည် ကိုယ်တော်တိုင်အားဖြင့် လမ်းခရီး၊ သမ္မာတရား နှင့် အသက် ဖြစ်တော်မူကြောင်း ဩဝါဒပေးတော်မူ၏။ ခရစ်တော်၏ အမှုတော်ဆောင်များသည်လည်း ယင်း အကြောင်းကိုပင် ဟောပြောသင့်ပါသည်။ သမ္မာတရားတော်ကို ခရစ်တော်၌ ရှိသည့်အတိုင်းပငါ တင်ဆက်ကြပါ။ ဧဝံဂလိတရားတော် နှင့် ပညတ်တော်၏ လိုရင်းအချက်များ ပေါ်လွင်ပါစေ။ ခရစ်တော်၏ ကိုယ်ကျိုးစွန့်သော အသက်တာ နှင့် အနစ်နာခံပုံကို လည်းကောင်း၊ ကိုယ်ကိုကိုယ်နှိမ့်ချ၍ အသေခံတောမူကြောင်းကို လည်းကောင်း၊ ထမြောက်တော်မူခြင်း နှင့် ကောင်းကင်သို့ တက်ကြွတော်မူခြင်း အကြောင်းကို လည်းကောင်း၊ ဘုရားသခင်၏ တရားပလ္လင်တော် ရှေ့တွင် ကြားဖျန်သူ ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ “ငါသည် …. တစ်ဖန် လာပြန်၍ … သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ဟု ကတိထားတော်မူကြောင်းကို လည်းကောင်း လူတို့အား ဟောပြောကြပါ။ ယော၊ ၁၄:၃။COLB 25.1

    နည်းလမ်း မမှန်သည့် အတွေးအခေါ်များကို ဆွေးနွေး၍ ဧဝံဂလိတရားတော်ကို ဆန့်ကျင်သူများနှင့် ယှဉ်ပြိုင်နေမည့်အစား ခရစ်တော်၏ ခြေတော်ရာကို လိုက်လျှောက်ပါ။ ဘုရားသခင်၏ ဘဏ္ဍာတော်တိုက်ထဲမှ အသစ်သော သမ္မာတရားများအားဖြင့် အသက်တာကို ရွှင်လမ်းပါစေ။ “နှုတ်ကပါတ် တရားတော်ကို ဟောပြောလော့” “ရေ ရှိရာ အရပ်တို့၌ မျိုးစေ့ကြဲ၍” “အချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကြိုးစားအားထုတ်လော့” “ငါ၏ နှုတ်ကပါတ်တော်ကို ခံရသော သူသည် နှုတ်ကပါတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည် စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။” “ဘုရားသခင်၏ စကားတော် ရှိသမျှသည် စင်ကြယ်၏။ …. စကားတော်တို့၌ ထပ်၍ မသွင်းနှင့်၊ သို့ပြုလျှင် အပြစ်တင်တော်မူ၍ သင်သည် မုသား သုံးသောသူ ဖြစ်လိမ့်မည်။” ၂ တိ၊ ၄:၂။ ဟေရှာ၊ ၃၂:၂၀။ ယေ၊ ၂၃:၂၈။ သု၊ ၃၀:၅၊၆။COLB 25.2

    “မျိုးစေ့ကြဲသော သူသည် တရားတော်စကားကို ကြဲ၏” ဤ နေရာတွင် ပညာရေး လုပ်ငန်းမှန်သမျှအတွက် အရေးကြီးသော အခြေခံ သဘောတရားများကို တင်ဆက်ထားပါသည်။ “မျိုးစေ့သည် ဘုရားသခင်၏ တရားစကား ဖြစ်၏။” သို့သော် ကျွန်ုပ်တို့၏ ခေတ်ကာလတွင် ဘုရားသခင်၏ တရားစကားကို ဘေးဖယ်ထားကြသော ကျောင်းများ များလွန်းပါသည်။ အခြားသော ဘာသာရပ်များကိုသာ စိတ်ပါဝင်စားကြ၏။ ပညာရေးစနစ်များတွင် ဘုရားတရား မကိုးကွယ် မဆည်းကပ်သည့် စာရေးဆရာများ၏ စာပေများကသာ နေရာယူ ခေတ်စားနေကြပါသည်။ ကျောင်းသုံးစာအုပ်များတွင် ယုံကြည်မှု အတိအကျ မရှိသည့် စိတ်ကူးယဉ်သူများ၏ သဘောတရားများ ရောပြွမ်းရှုပ်ထွေးလျက် ရှိကြပါသည်။ ရှာဖွေတွေ့ရှိမှုများကို အဓိပ္ပါယ်ကောက်ယူမှု လွဲမှားသောကြောင့် သိပ္ပံအတတ်နှင့် ပတ်သက်၍ လေ့လာမှုများမှာလည်း လမ်းလွဲ၍ နေပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို သိပ္ပံဗေဒနှင့် စပ်ဆိုင်သည်ဟု ထင်မြင်ယူဆရသော စာပေများနှင့် နှိုင်းယှဉ်ပြီးလျှင် တိကျပြတ်သား၍ ယုံကြည်စိတ်ချလောက်ခြင်း မရှိဟု ထင်ယောင်ထင်မှား ဖြစ်ကြ၏။ ထိုကြောင့် လူငယ်တို့၏ စိတ်တွင်ယုံမှား သံသယ ဖြစ်စေသော မျိုးစေ့ကို ကြဲသဖြင့် စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ အယူမှားပင်များ ပေါက်ကြ၏။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်အပေါ် ယုံကြည်မှု ကင်းမဲ့သောအခါ အသက်ဝိညာဉ်အတွက် ရှေ့ဆောင်လမ်းပြ မရှိ၊ ဘေးအန္တရာယ်မှလည်း အကာအကွယ် မရှိတော့ပါ။ ထိုကြောင့် လူငယ်များသည် ဘုရားသခင်၏ထံသို့ ပို့ဆောင်သော လမ်းမှ လွဲသွားကြ၏။ ထာဝရအသက်နှင့်လည်း ဝေးကြ၏။COLB 26.1

    ယင်းသို့ ဖြစ်ရခြင်းမှာ ယနေ့ ကျွန်ုပ်တို့၏ လောကကြီးကို ဒုစရိုက် လွှမ်းခြုံမှု၏ အတိုင်းအတာ ကြီးမားသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ပယ်ထားခြင်းအားဖြင့် မကောင်းမှုမျိုးတို့ကို မက်မောတတ်သည့် သဘာဝစိတ်ကို မချုပ်ထိန်းနိုင်တော့ပါ။ လူသည် ဇာတိပကတိ၌ မျိုးစေ့ကို စိုက်ပျိုးသောကြောင့် ဇာတိပကတိမှ ဖေါက်ပြန်ပျက်စီးမှု အသီးကို ရိတ်သိမ်းရ၏။COLB 27.1

    ဤ နေရာတွင်လည်း စိတ်အားနည်းပါမှု နှင့် အရည်အချင်း မရှိမှုတို့မှာ အကြောင်းရင်း တစ်ခုပင် ဖြစ်နေပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို လွှဲရှောင်၍ ဝိညာဉ်တော် နှိုးဆော် တိုက်တွန်းခြင်းကို မခံရသော သူတို့၏ စာပေများကို လိုက်စားခြင်းဖြင့် စိတ်နှလုံး တိုးတက်ကြီးပွားမှု မရှိဘဲ အသုံးမဝင်သော ဘဝသို့ ဆိုက်ရောက်ပါသည်။ ၎င်းအပြင် ထာဝရ သမ္မာတရား၏ နက်နဲကျယ်ပြန့်သော အခြေခံ သဘောတရားနှင့်လည်း တွေ့ထိမှု မရှိနိုင်တော့ပါ။ ပိုင်းခြား ဝေဖန်သိမြင်တတ်သော ဉာဏ်သည် ပွန်းတီးကျွမ်းဝင်သော အရာတို့ကိုသာ နားလည် သဘောပေါက်နေသောကြောင့် လည်းကောင်း၊ အကန့်အသတ် ရှိသော အရာများကိုသာ စွဲလမ်းနေသောကြောင့် လည်းကောင်း ပိုင်းခြားဝေဖန်တတ်သော အသိပညာသည် ယုတ်လျော့ အားနည်းလာသဖြင့် ယင်း၏ တန်ခိုးအာနိသင်မှာလည်း ကျဉ်းမြောင်း၍ အချိန်ကြာမြင့်သောအခါ တိုးတက်ဖွံ့ဖြိုးမှု မရှိနိုင်တော့ပါ။COLB 27.2

    ဤ အရာအားလုံးတို့သည် စစ်မှန်သော အတတ်ပညာ မဟုတ်ပါ။ ဝိညာဉ်တော် မှုတ်သွင်းသော နှုတ်ကပါတ်တော်ဆိုင်ရာ မြင့်မြတ်သော သမ္မာတရားတော်ကိုသာ လူငယ်တို့၏ စိတ်နှလုံးတွင် စွဲမြဲစေရန်မှာ ဆရာများ၏ လုပ်ငန်းဆောင်တာ ဖြစ်သင့်ပါသည်။ ဤသည်သာလျှင် ယခုဘဝ နှင့် နောင်ဘဝအတွက် အထူး အရေးပါအရာရောက်သော အတတ်ပညာ ဖြစ်ပါသည်။COLB 27.3

    ဤ အကြောင်းကြောင့်သိပ္ပံအတတ်ကို မသင်ရဟူ၍ လည်းကောင်း၊ ပညာရေး အဆင့်အတန်း ကျဆင်းလိမ့်မည်ဟူ၍ လည်းကောင်း မထင် မမှတ်သင့်ပါ။ ဘုရားသခင်ကို သိကျွမ်းခြင်းပညာသည် ကောင်းကင်နှင့်အမျှ မြင့်မား၍ စင်္ကြာဝဠာနှင့်အမျှ ကျယ်ဝန်းပါသည်။ ထာဝရအသက်နှင့် စပ်ဆိုင်သော အရာများကို သင်ကြားလေ့လာသည်ထက် ပို၍ ဂုဏ်အသရေ တိုးတက်စေသော၊ ကြံ့ခိုင်ရင့်ကျက်စေသော အရာ မရှိပါ။ လူငယ်တို့သည် ဘုရားပေး သမ္မာတရားတော်ကို ဆုပ်ကိုင်မိအောင် ရှာဖွေလေ့လာကြပါစေ။ သို့ပြုလျှင် အမှုတော်၌ သူတို့၏ စိတ်သဘောထား ကျယ်ပြန့်၍ ကြီးပွားတိုးတက်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်နှင့်အညီ လေ့လာသော စာသင်သားတိုင်းသည် ပိုမို ကျယ်ပြန့်သော စဉ်းစားနယ်မြေတွင်းသို့ ဝင်ရောက်၍ ယိုယွင်းပျက်စီးခြင်း ကင်းသော အသိပညာနှင့် ကြွယ်ဝကြလိမ့်မည်။ သမ္မာကျမ်းစာတော်မြတ်ကို လေ့လာဆည်းပူး၍ ရရှိသော အတတ်ပညာသည် ကယ်တင်ခြင်း စီမံကိန်းကို ကိုယ်တွေ့ စမ်းသပ် ရရှိသော ပညာ ဖြစ်၏။ ယင်း အတတ်ပညာအားဖြင့် ဘုရားသခင်၏ ပုံသဏ္ဌန်တော်ကို စိတ်နှလုံးအတွင်း၌ ပြန်လည် တည်မြဲစေလိမ့်မည်။ သွေးဆောင် ဖြားယောင်းခြင်းကို တွန်းလှန်ဖြိုဖျက်နိုင်သော စိတ် တည်တံ့ခိုင်ခံ့၍ ဤ လောကအတွက် ကိုယ်တော်ရှင်၏ ကရုဏာ အမှုတော်တွင် ခရစ်တော်နှင့် ဖက်စပ် လုပ်ဆောင်ရန် ထိုက်တန်သော သူ ဖြစ်လိမ့်မည်။ သူသည် ကောင်းကင်မိသားစုဝင် တစ်ဦး ဖြစ်၍ အလင်းတရား၌ သန့်ရှင်းသူများနှင့်အတူ အမွေခံရာတွင် ရေတွက်ဝင်သူ ဖြစ်ရန် ပြင်ဆင်မှု ရှိလိမ့်မည်။COLB 27.4

    သို့သော် သမ္မာတရားတော်နှင့် စပ်ဆိုင်သည့် ဓမ္မဆရာသည် မိမိကိုယ်တွေ့ အသိအမြင်များကိုသာ သူတစ်ပါးတို့အား ပေးဝေနိုင်လိမ့်မည်။ “မျိုးစေ့ကြဲသော သူသည် သူ၏ မျိုးစေ့ကို ကြဲ၏” ခရစ်တော်သည် သမ္မာတရား ဖြစ်တော်မူသောကြောင့် သမ္မာတရားကို ဟောကြားတော်မူ၏။ ကိုယ်တော်၏ အသက်တာ နှင့် ကိုယ်တော်၏ အသိအမြင်များကို သရုပ်ပေါ်အောင် ဟောကြားတော်မူ၏။ နှုတ်ကပါတ် တရားတော်ကို သင်ကြားပို့ချသော ကိုယ်တော်၏ တပည့်တော်များ အနေဖြင့်လည်း ယင်း အတိုင်းပင် နှုတ်ကပါတ် တရားတော်ကို သူတို့ ကိုယ်ပိုင် ဖြစ်အောင် လေ့လာထားရကြပါမည်။ သူတို့သည် ပညာဉာဏ် နှင့် ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း နှင့် ရွေးနုတ်ခြင်း ဖြစ်စေရန် ခရစ်တော်သည် သူတို့အား မည်သို့ ပြုပြင်ထားကြောင်း သူတို့ ကိုယ်တိုင် သိနားလည်ထားရကြမည်။ နှုတ်ကပါတ် တရားတော်ကို သူတစ်ပါးတို့အား ဝေငှရာ၌ ထင်မြင် ယူဆပါသည်ဟူ၍ လည်းကောင်း၊ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း မည်သည့်အခါမျှ မပြောမဆိုသင့်ပါ။ တမန်တော် ရှင်ပေတရုကဲ့သို့ “ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို လည်းကောင်း၊ ကြွလာတော်မူခြင်းကို လည်းကောင်း သင်တို့အားကြားပြောသောအခါ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီစကားကို မလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင် မြင်သောသူ ဖြစ်ကြ၏” ဟု ကြေငြာသင့်ပါသည်။ ၂ ပေ၊ ၁:၁၆။ ခရစ်တော်၏ အမှုတော်ဆောင်တိုင်း နှင့် ဆရာတိုင်းသည် ကိုယ်တော် ချစ်တော်မူသော တပည့်တော် ရှင်ယောဟန်ကဲ့သို့ “ထို အသက်သည် ထင်ရှားခဲ့ပြီ၊ ငါတို့လည်း မြင်ရကြပြီ၊ ခမည်းတော်နှင့်အတူ ရှိဖူး၍ ငါတို့အား ထင်ရှားခဲ့ပြီးသော ထို ထာဝရအသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏” ဟု ဟောပြောနိုင်ရမည်။ ၁ ယော၊ ၁:၂။COLB 29.1