Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 19—အပြစ်လွှတ်ခြင်း အတိုင်းအတာ

    မ၊ ၁၈:၂၃-၃၅။ ကို အခြေပြုပါသည်။

    ပေတရုသည် ပြဿနာ တစ်ခုနှင့် ခရစ်တော်ထံ ချဉ်းကပ်၍ “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း၊ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော” ဟု မေးလျှောက်လေ၏။ ယုဒဓမ္မဆရာများက အပြစ်လွှတ်ခြင်းကို သုံးကြိမ် ပြစ်မှားခြင်းအတွက် ကန့်သတ်ထားပါသည်။ ခရစ်တော်၏ သြဝါဒ ဖြစ်သည်ဟု ယူဆ၍ လိုက်နာခဲ့ရာမှ စုံလင်ခြင်းကို ပုံဆောင်သည့် ခုနှစ်ကိန်း ဂဏန်းအတိုင်း ခုနှစ်ကြိမ်အထိ တိုးမြှင့်သင့်သည်ဟု ပေတရုက ယူဆ၏။ သို့သော် ခရစ်တော်က အပြစ်လွှတ်ခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် မည်သည့်အခါမျှ မငြီးငွေ့ရန် သွန်သင်တော်မူ၏။ ထိုကြောင့် “ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို၊ အကြိမ် ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည်ဟု ငါ ဆို၏” ဟု ခရစ်တော် မိန့်တော်မူ၏။COLB 291.1

    ထိုနောက် အပြစ်လွှတ်ခြင်းနှင့် စပ်လျဉ်း၍ မှန်သော အခြေခံသဘောတရားကို လည်းကောင်း၊ အပြစ်ဖြေလွှတ်ခြင်း မပြုလိုသော စိတ်သဘော၏ အနန္တရာယ်ကို လည်းကောင်း ပြအံ့သောငှါ ဘုရင်မင်းကြီး တစ်ပါးသည် မိမိ၏ လက်အောက်ခံ အရာရှိများနှင့် မည်သို့မည်ပုံ ဆက်ဆံသည်ကို ဥပမာ ပုံဆောင်၍ သွန်သင်တော်မူ၏။ ထို မင်းကြီး၏ လက်အောက်တွင် အချို့သော အရာရှိများသည် တာဝန်အရ တိုင်းပြည်၏ ဘဏ္ဍာငွေ အမြောက်အများကို လက်ခံရကြပါသည်။ ထိုသို့ ယုံမှတ်လွှဲအပ်ထားသည့် တာဝန်ဝတ္တရားအတွက် စီမံပုံကို ဘုရင်မင်းကြီးက စစ်ဆေးစေရာတွင် တစ်ယောက်သော သူ၏ စာရင်းတွင် မင်းကြီးအား ပေးဆပ်ရန် ငွေအခွက် တစ်သိန်း ကြွေးတင်နေကြောင့် တွေ့ကြလေ၏။ ပေးဆပ်ရမည့် အကြွေးများလွန်းသဖြင့် သူပိုင်ငွေဖြင့် မလုံလောက်သောကြောင့် ထုံးစံ ရှိသည့်အတိုင်း ထို သူ ပိုင်သမျှနှင့် တကွ သူ့ကို ရောင်း၍ ရသမျှ ငွေနှင့် ကြွေးဆပ်ရန် မင်းကြီး အမိန့်ထုတ်ပြန်လေ၏။ သို့သော် ထိုသူသည် ကြောက်လန့် တုန်လှုပ်လျက် မင်းကြီး၏ ရှေ့မှောက်တွင် ပျပ်ဝပ်၍ အပူတပြင်း တောင်းပန်လေသည်မှာ “သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု လျှောက်လျှင် သူ၏ သခင်သည် သနားခြင်း ရှိသဖြင့် ကြွေးရှိသမျှကို လွှတ်၍ ချမ်းသာပေးလေ၏။”COLB 291.2

    “ထို ကျွန်သည် ထွက်သွားရာတွင် မိမိ ငွေ ဒေနာရီ တစ်ရာ ကြွေးတင်သော ကျွန်ချင်း တစ်ယောက်ကို တွေ့လျှင် လည်ပင်းကို ကိုင်ညှစ်၍ ငါ့ ငွေကို ဆပ်ပေးလော့ဟု ဆို၏။ ထို ကျွန်ချင်းသည် ကြွေးရှင်၏ ခြေရင်း၌ ပျပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကို မဆပ်မီတိုင်အောင် သူ့ကို ထောင်ထဲမှာ သိုလှောင်ထား၏။ ထိုအမှုအရာကို အခြားသော ကျွန်ချင်းတို့သည် မြင်လျှင် အလွန် နာကြည်းသော စိတ်နှင့် သွား၍ ပြုလေသမျှတို့ကို မိမိတို့ သခင်၌ ကြားလျှောက်ကြ၏။ ထိုသခင်သည် ထို ကျွန်ကို ခေါ်၍၊ ဟယ် ဆိုးညစ်သော ကျွန်၊ သင်သည် ငါ့ကို တောင်းပန်သောကြောင့် သင်၌ တင်သမျှ ကြွေးကို ငါရှင်းလင်းစေ၏။ ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက် အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့ လက်ကို အပ်လေ၏။” COLB 292.1

    ဤ ဥပမာတွင် ရုပ်ပုံ စုံလင်စေရန် သင့်လျော်သော အသေးစိတ်များနှင့် ရုပ်လုံးဖေါ်ထားပါသည်။ သို့သော် ယင်း အသေးစိတ်များတွင် ဝိညာဉ်ရေးနှင့် ပတ်သက်၍ အရေးကြီးသည့် အဓိပ္ပါယ်ကို ဖေါ်ညွှန်းထားသည့် အကြောင်းအရာ အတိအကျ မပါဝင်သဖြင့် ဥပမာတွင် ဖေါ်ပြထားသည့် အရေးကြီးသော အမှန်တရား အချို့ကိုသာ စဉ်းစားကြပါမည်။ ဘုရင်မင်းကြီး ပေးသနားတော်မူသည့် လွတ်ငြိမ်းချမ်းသာခွင့်မှာ ခပ်သိမ်းသော အပြစ် ဒုစရိုက်များအတွက် ဘုရားရှင် အပြစ် ဖြေလွှတ်တော်မူခြင်းကို ပုံဆောင်ထားပါသည်။ ကြင်နာသော စိတ်ဖြင့် မိမိကျွန်၏ ကြွေး ရှိသမျှကို ရှင်းလင်းစေသော မင်းကြီးသည် ခရစ်တော်ကို ပုံဆောင်ထားပါသည်။ လူသားသည် ပညတ်တော်ကို ကျူးလွန်ထားသည့်အတွက် အပြစ်တရား၏ လက်အောက်ခံ ဖြစ်နေပါသည်။ သူသည် ပြစ်ဒဏ်သင့်နေသူ ဖြစ်COLB 292.2

    သောကြောင့် သူ့ကိုယ်သူ မကယ်နိုင်သဖြင့် ဖြောင့်မတ်တော်မူသော ခရစ်တော်သည် ဘုရား၏ ဇာတိမှ လူသား၏ ဇာတိကို ယူတင်ဝတ်ဆင်ပြီးလျှင် မဖြောင့်မတ်သော လူသားများ ကိုယ်စား မိမိ၏ အသက်တော်ကို စွန့်ရန် ဤ လောကသို့ ကြွလာတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ကိုယ်ကိုကိုယ် စွန့်တော်မူလျက် အသက်ဝိညာဉ်တိုင်းအား အသွေးတော်ဖြင့် ဝယ်ယူထားသော လွတ်ငြိမ်းခွင့်ကို ရက်ရောစွာ ကမ်းလှမ်းတော်မူ၏။ “ထာဝရဘုရား၌ ကရုဏာ ရှိ၏။ များစွာသော ရွေးနုတ်ခြင်း ကျေးဇူး ရှိ၏။” ဆာလံ၊ ၁၃၀:၇။COLB 293.1

    “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက် ချစ်တော်မူသည် မှန်လျှင် ငါတို့သည်လည်း အချင်းချင်း ချစ်ရကြမည်။” ၁ ယော၊ ၄:၁၁။ “သင်တို့သည် အဖိုးကို မပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီ ဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့” ဟု ခရစ်တော် သြဝါဒ ပေးသည်နှင့် အညီ ကျွန်ုပ်တို့သည်လည်း အပြစ်သား အချင်းချင်း ကရုဏာထားရန် လိုအပ်ပါသည်။ မ၊ ၁၀:၈။COLB 293.2

    ဥပမာတွင် ကြွေးတင်သူက “ကျွန်တော်ကို သည်းခံတော်မူပါ၊ ကြွေးရှိသမျှကို ဆပ်ပါမည်” ဟု ကတိပြု၍ အသနားခံသောအခါ ပြစ်ဒဏ်စီရင်ချက်ကို ပြန်၍ ရုပ်သိမ်းလေ၏။ ကြွေးရှိသမျှကိုလည်း လွှတ်၍ ချမ်းသာပေးလေ၏။ သူ၏ သခင်သည် သူ့အား အပြစ်လွှတ်သည့် ပုံစံကို သူ ကိုယ်တိုင် လိုက်နာကျင့်သုံးရန် မကြာမီပင် အခွင့်အရေး ရရှိလေ၏။ အပြင်သို့ ထွက်သွားသောအခါ သူ့အား အနည်းငယ်မျှသော ကြွေးကို ပေးဆပ်ရန် ရှိသည့် ကျွန်ချင်း တစ်ယောက်ကို တွေ့လေ၏။ သူကိုယ်တိုင် ပေးဆပ်ရမည့် ကြွေးငွေ အခွက် တစ်သိန်းမှ လွတ်ငြိမ်းခွင့် ရခဲ့၏။ ယခု သူ့ကို ပေးဆပ်ရန် ရှိသော ကြွေးကျန်ငွေမှာ ဒေနာရိ တစ်ရာမျှသာ ဖြစ်ပါသည်။ သို့သော် ထိုမျှလောက် ကျေးဇူးပြုခြင်းကို ခံရသော သူသည် မိမိ လုပ်ဖေါ်ကိုင်ဖက်ချင်းအား လုံးဝ ခြားနားသည့် အမှုအရာကို ပြလိုက်ပါသည်။ သူ ကိုယ်တိုင် မင်းကြီးအား အသနားခံသည့် ပုံစံအတိုင်း သူ၏ မြီးစားက သူ့ကို အသနားခံသော်လည်း အကျိုးသက်ရောက်မှုကား ကွာခြားလှပါ၏။ မကြာသေးမီက အပြစ်ဖြေလွှတ်ခြင်းကို ခံရသော သူ၌ သနားကြင်နာစိတ် လုံးဝ မရှိ။ သူ့အပေါ်တွင် ထင်ရှားစွာ ပြသခဲ့သည့် ကရုဏာ တရားသည် သူ၏ လုပ်ဖေါ်ကိုင်ဖက် အပေါ်သို့ ကူးစက်ခြင်း မရှိ။ သည်းခံရန် မေတ္တာရပ်ခံခြင်းကို သူ အလေးဂရု မပြု။ သူ့အား ပေးဆပ်ရမည့် အနည်းငယ်မျှသော ကြွေးကျန်ငွေကိုသာ ထို ကျေးဇူးတရား မသိတတ်သော ကျွန်သည် စိတ်စွဲ၍ နေ၏။ သူ ရထိုက်သည်ဟု သဘောထားသော ကြွေးကျန်ငွေအတွက် အနိုင်အထက် တောင်း၍ သူ ကိုယ်တိုင် ပြစ်ဒဏ် စီရင်ခြင်း ခံရပြီးမှ ကရုဏာတရားကြောင့် ပြန်လည် ရုပ်သိမ်းလိုက်သည့် ပြစ်ဒဏ်အတိုင်း သူ၏ လုပ်ဖေါ်ကိုင်ဖက်ချင်းအား စီရင်၍ အတည်ပြုလိုက်ပါသည်။COLB 293.3

    ယခု မျက်မှောက်ကာလတွင်လည်း ယင်း စိတ်ထားမျိုး ရှိသူ မည်မျှ များပြားနေပါသနည်း။ ကြွေးတင်နေသော သူသည် မိမိ အရှင်အား အသနားခံစဉ်က သူ၏ ကြွေးမည်မျှ ကြီးမားကြောင်းကို သူ မသိ။ သူကိုယ်တိုင် မည်သို့မျှ မတတ်နိုင်ကြောင်းကိုလည်း မသိ။ သူ့ကိုယ်သူ ကယ်မည်ဟု အထင်နှင့် “ကျွန်တော်ကို သည်းခံတော်မူပါ၊ ကြွေးရှိသမျှကို ဆပ်ပါမည်” ဟု လျှောက်၏။ ထိုနည်းတူ မိမိတို့ အကျင့် နှင့် ကုသိုလ်ကောင်းမှုများအားဖြင့် ဘုရားသခင်ထံမှ မျက်နှာရကြလိမ့်မည်ဟု မျှော်လင့်နေသူ အများ ရှိပါသည်။ သူတို့ ကိုယ်တိုင် ဘာမျှ မတတ်နိုင်သည်ကို သူတို့ မသိနားမလည်ကြ။ ဘုရားသခင်၏ ကျေးဇူးတော်ကို အခမဲ့ရသည်ဟု သူတို့ လက်မခံကြဘဲ ကိုယ်ပိုင် ဖြောင့်မတ်ခြင်းကို ကြိုးစား၍ တည်ဆောက်နေကြ၏။ အပြစ် ဒုစရိုက်ကြောင့် စိတ်နှလုံး ကြေကွဲခြင်း၊ နှိမ့်ချခြင်း မရှိကြသည် သာမက သူတစ်ပါးအပေါ် ကျပ်တည်းစွာ ပြုခြင်း၊ အပြစ်မဖြေလွှတ်ခြင်းများ ရှိနေကြပါသည်။ ဘုရားရှင်ကို ပြစ်မှားသော သူတို့၏ အပြစ်များ နှင့် သူတို့ကို ပြစ်မှားသော အခြားသူတို့ ညီအစ်ကိုများ၏ အပြစ်တို့ကို နှိုင်းယှည်လျှင် ငွေအခွက် တစ်သိန်း နှင့် ဒေနာရီ တစ်ရာ ကဲ့သို့ ကွာခြားပါသည်။ အဆ တစ်သန်းခန့် ရှိပါသည်။ သို့ပါလျက် သူတို့သည် အပြစ်မဖြေမလွှတ်ဘဲ နေဝံ့ကြ၏။COLB 294.1

    ဥပမာပုံတွင် မင်းကြီးသည် ကရုဏာတရား ကင်းမဲ့သော ကြွေးရှင်ကို ခေါ်၍ “ဟယ် ဆိုးညစ်သော ကျွန်၊ သင်သည် ငါ့ကို တောင်းပန်သောကြောင့် သင်၌ တင်သမျှသော ကြွေးကို ငါရှင်းလင်းစေ၏။ ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက် အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။” ထိုကြောင့် “သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံ့” ဟု ယေရှုရှင် သြဝါဒ ပေးတော်မူ၏။ ထိုကြောင့် အပြစ်ဖြေလွှတ်ရန် ငြင်းပယ်သော သူသည် သူကိုယ်တိုင် အပြစ်လွတ်ငြိမ်းခွင့် ရရှိရန်အတွက် မျှော်လင့်ချက်ကို စွန့်ပစ်နေခြင်း ဖြစ်ပါသည်။COLB 294.2

    သို့သော် ဤ ဥပမာ၏ သွန်သင်ချက်ကို အလွဲအသုံး မပြုသင့်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်ဖြေလွှတ်တော်မူသောကြောင့် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို နားထောင်ရမည့် တာဝန် မည်သို့မျှ လျော့နည်းသွားသည် မဟုတ်ပါ။ ထိုကြောင့် ကျွန်ုပ်တို့သည် လူသားချင်းအပေါ် အပြစ် ဖြေလွှတ်တတ်သော စိတ်သဘောသည်လည်း သမာသမတ် ဖြစ်အောင် ပြုလုပ်ခြင်းမှ လျော့နည်းသွား လိမ့်မည် မဟုတ်ပါ။ ခရစ်တော်သည် မိမိ၏ တပည့်တော်တို့အား သင်ပေးသော ပတ္ထနာတော်တွင် “သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ” ဟု ပါရှိပါသည်။ မ၊ ၆:၁၂။ ဤသို့ သင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခွင့် ရရှိရန် ကျွန်ုပ်တို့က တရားမျှတစွာ ပြန်လည်တောင်းခံရမည့် ကြွေးများကို မတောင်းဘဲ နေရမည်ဟု မဆိုလိုပါ။ သူတို့၏ စီမံခန့်ခွဲမှု မသင့်မလျော်သောကြောင့် ပြန်လည် မပေးဆပ်နိုင်ခြင်းပင် ဖြစ်စေကာမူ အကျဉ်းထောင်သို့ ပို့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သို့မဟုတ် ကြမ်းတမ်းခက်ထန်သော အပြုအမူများကို မပြုသင့်ပါ။ သို့သော် ဥပမာက ပျင်းရိခြင်းကို အားပေးရန်လည်း သင်ပေးသည် မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်က အလုပ်မလုပ်ချင်သော သူ မည်သည်ကား အစာကိုလည်း မစားစေနှင့်ဟု ဆိုထားပါသည်။ (၂ သက်၊ ၃:၁၀)။ အလုပ်ကို ကြိုးစား၍ လုပ်ဆောင်သော သူသည် အလဟဿ နေသော သူကို လုပ်ကျွေးရမည်ဟု အရှင်ဘုရားက အလိုရှိသည် မဟုတ်ပါ။ အများသော သူတို့ အချိန်ဖြုန်းကြ၏၊ ကြိုးစားမှု နည်းကြ၏၊ ထိုကြောင့် ဆင်းရဲနွမ်းပါးကြ၏။ ယင်း အမှားများကို ပြုသော သူတို့သည် ကိုယ်တိုင် မပြုမပြင်လျှင် သူတို့အတွက် ဆောင်ရွက်ပေးနေသမျှသည် အိတ်ပေါက်တွင်းသို့ ရတနာများကို ထည့်သွင်းနေသည်နှင့် တူပါသည်။ သို့ပါသော်လည်း မလွှဲမရှောင်သာသော ဆင်းရဲနွမ်းပါးမှုများ ရှိတတ်ပါသည်။ ထိုသို့ အကြောင်း မညီညွတ်မှုကြောင့် ဖြစ်ရသူများကိုမူကား ကျွန်ုပ်တို့ ညှာတာထောက်ထား၍ ကရုဏာထားရကြပါမည်။ သူတစ်ပါး အပေါ်တွင် မူတည်လျက် သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ် ပြုသင့်ပါသည်။COLB 295.1

    သန့်ရှင်းသော ဝိညာဉ်တော်သည် တမန်တော် ရှင်ပေါလုအားဖြင့် ကျွန်ုပ်တို့အား လမ်းညွှန်ထားတော်မူသည်မှာ “ထိုကြောင့် ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့် စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယ ဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသော အရာ တစ်စုံတစ်ခု ရှိလျှင် သင်တို့သည် အချင်းချင်း ချစ်ကြ၍ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့် တကွ သဘော တညီတညွတ်တည်း ရှိသောအားဖြင့် ငါ ဝမ်းမြောက်စာရာ အကြောင်းကို စုံလင်စေကြလော့။ ရန်တွေ့လိုသော စိတ်၊ အချည်းနှီးကျော်စော ကိတ္တိကို တပ်မက်သော စိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ် ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့ အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။ ယေရှုခရစ်၌ ရှိသော ထို စိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။” ဖိ၊ ၂:၁-၅။COLB 296.1

    သို့သော် အပြစ် ဒုစရိုက်ကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။ ညီအစ်ကိုချင်း မပြစ်မှားရန် အရှင်ဘုရား ပညတ်ထားတော်မူ၏။ “သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင် သူတို့ကို ဆုံးမလော့” ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။ လု၊ ၁၇:၃။ အပြစ်သည် အပြစ်သာလျှင်COLB 296.2

    ဖြစ်ကြောင်း၊ အပြစ်ကျူးလွန်သူ၏ ရှေ့မှောက်တွင် အမှန်ဖြစ်ရပ်ကို ဖေါ်ပြလျက် ရှင်းလင်းစွာ ခင်းပြပါ။COLB 297.1

    တမန်တော် ရှင်ပေါလုသည် သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းမှုဖြင့် တိမောသေထံသို့ ရေးပို့မှာကြားလိုက်သည်မှာ “အချိန် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကြိုးစားအားထုတ်လာ့၊ အပြစ်ကို ဖေါ်ပြလော့၊ ဆုံးမခြင်းကို ပြုလော့၊ အလွန်ရှည်သော စိတ်နှင့် သြဝါဒမျိုးကို ပေး၍ တိုက်တွန်း သွေးဆောင်လော့။” ၂ တိ၊ ၄:၂။ ၎င်းအပြင် တိတုသို့ ရေးသားလိုက်သည်မှာ “အချည်းနှီးသော စကားကို ပြော၍ လှည့်ဖြားတတ်သော သူ အများ ရှိကြ၏။ … ထိုကြောင့် သူတို့သည် … ယုံကြည်ခြင်း အမှု၌ စင်ကြယ်စေခြင်းငှါ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။” တိတု၊ ၁:၁၀၊၁၃၊၁၄။COLB 297.2

    ထို့ပြင် “သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင် သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကို ပြ၍ ဆုံးမလော့။ သူသည် သင်၏ စကားကို နားထောင်လျှင် ညီအစ်ကို ကို ရပြီ။ သို့မဟုတ် သင်၏ စကားကို နားမထောင်လျှင် လူ နှစ်ဦး၊ သုံးဦး သက်သေခံ၍ စကား ရှိသမျှတို့ကို တည်စေခြင်းငှါ ကိုယ်နှင့်အတူ လူ တစ်ဦးကို ခေါ်ဦးလော့။ ထိုသူတို့ကို စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏ စကားကို နားမထောင်လျှင် သာသနာပ လူကဲ့သို့ လည်းကောင်း၊ အခွန်ခံကဲ့သို့ လည်းကောင်း ထိုသူကို မှတ်လော့။” ဟု ခရစ်တော် သြဝါဒ ပေးတော်မူ၏။ မ၊ ၁၈:၁၅-၁၇။COLB 297.3

    ခရစ်ယာန် အချင်းချင်း အဆင်မပြေမှုများ ပေါ်ပေါက်လျှင် အသင်းတော်အတွင်း၌သာ ဖြေရှင်း ပြေငြိမ်းကြရန် အရှင်ဘုရား သြဝါဒ ပေးထားတော်မူပါသည်။ ဘုရားသခင်ကို မကြောက်မရွံ့ မကိုးကွယ်သော သူတို့ ရှေ့မှောက်တွင် မိမိတို့၏ အမှုကိစ္စများကို ဖွင့်မပြသင့်ကြပါ။ ခရစ်ယာန် တစ်ယောက်အား မိမိ ညီအစ်ကိုက ပြစ်မှားလျှင် မယုံကြည်သော သူတို့၏ တရားရုံးသို့ မသွားပါစေနှင့်။ ခရစ်တော်၏ သြဝါဒအတိုင်း လိုက်နာပါစေ။ ရန်ကို ရန်ချင်းတုံ့လျှင်းမည့်အစား ညီအစ်ကို၏ အသက်ဝိညာဉ်ကို ကယ်ဆယ်ရန် ရှာကြံပါ။ ဘုရားသခင်အား ချစ်ကြောက်ရိုသေသော သူတို့၏အကျိုးကို ဘုရားသခင် စောင့်ရှောက်တော်မူသောကြောင့် ဖြောင့်မတ်စွာ တရားစီရင်တော်မူသော အရှင်ထံသို့ ကျွန်ုပ်တို့၏ အမှုကိစ္စများကို ယုံကြည်စွာ ဆက်ကပ် အပ်နှံကြပါစို့။COLB 297.4

    မတရားသော အမှုကို အဖန်တလဲလဲ ပြု၍ ထိုသို့ မတရားမှုကို ပြုပြီးတိုင်း ဝန်ချ တောင်းပန်နေလျှင် ပြစ်မှားခြင်း ခံရသူသည် များသောအားဖြင့် ငြီးငွေ့လာသဖြင့် အပြစ်ဖြေလွှတ်ခဲ့သည်မှာ တန်လောက်ပြီဟု ယူဆတတ်ပါသည်။ သို့သော် ကယ်တင်ရှင်က မှားယွင်းခြင်းနှင့် ပတ်သက်၍ မည်သို့ ပြုရမည်ကို အတည့်အလင်း မိန့်တော်မူသည်မှာ “သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင် သူ့ကို ဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏ အပြစ်ကို လွှတ်လော့။” လု၊ ၁၇:၃။ သူ့အပေါ် သံသယ မကင်းသောကြောင့် အချိန်ဆွဲမထားပါနှင့်။ “အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကို သတိပြုလော့။” ဂလ၊ ၆:၁။COLB 298.1

    သင်၏ ညီအစ်ကိုများ မှားလျှင် သူတို့အား ခွင့်လွှတ်ရန်သာ ရှိပါသည်။ ဝန်ချ တောင်းပန်ရန် သူတို့ လာသောအခါ သူတို့၏ နှိမ့်ချမှု မလုံလောက်ဟူ၍ လည်းကောင်း၊ သူတို့ အကယ်အမှန် ဝန်ချသည် မထင်ပါ ဟူ၍ လည်းကောင်း မပြောသင့်ပါ။ သူတို့၏ စိတ်နှလုံး အကြံအစည်ကို တွေ့သိနိုင်သကဲ့သို့ သူတို့အား တရားစီရင်ရန် သင်၌ အဘယ် အခွင့် ရှိပါသနည်း။ ဘုရားသခင်၏ နှုတ်ကပါတ်တော်က “သူသည် နောင်တရလျှင် သူ၏ အပြစ်ကို လွှတ်လော့။ တစ်နေ့ချင်းတွင် ခုနှစ်ကြိမ်မြောက်အောင် သင့်ကို ပြစ်မှား၍၊ ခုနှစ်ကြိမ်မြောက်အောက် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟု ဆိုလျှင် သူ၏ အပြစ်ကို လွှတ်လော့” ဟု လမ်းညွှန်ထားတော်မူ၏။ လု၊ ၁၇:၃၄။ ၎င်းအပြင် ခုနှစ်ကြိမ်မက ဘုရားသခင်သည် သင့်အား အကြိမ်ကြိမ် အပြစ်လွှတ်တော်မူသည်နှင့်အမျှ အကြိမ် ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရပါမည်။COLB 298.2

    ကျွန်ုပ်တို့ ကိုယ်တိုင် ခံစားရသော အကျိုးကျေးဇူး ရှိသမျှသည် ဘုရားသခင် အခမဲ့ ပေးသနားတော်မူသော ကျေးဇူးတော်များ ဖြစ်ပါသည်။ ကတိတော်အားဖြင့် အသစ် တစ်ဖန် မွေးစားတော်မူသည့် ကျေးဇူးတော်၊ ကယ်တင်ရှင်အားဖြင့် ရွေးနုတ်ခြင်း ကျေးဇူးတော်၊ အသစ် မွေးဖွားခြင်း ကျေးဇူးတော် နှင့် ခရစ်တော်အားဖြင့် အမွေခံအဖြစ်သို့ ချီးမြှင့်ခြင်းကို ခံရသည့် ကျေးဇူးတော်များ ဖြစ်ပါသည်။ ဤ ကျေးဇူးတော်များက်ု သူတစ်ပါးတို့အား ထင်ရှားအောင် ဖေါ်ပြပါ။COLB 299.1

    မှားယွင်းနေသူ စိတ်ပျက် အားလျော့စရာ အကြောင်း မပေါ်ပေါက်ပါစေနှင့်။ သင်၏ ညီအစ်ကိုအပေါ် ဖါရိရှဲကဲ့သို့ မခက်ထန်ပါနှင့်။ သီးသီးနင့်နင့် ပြောင်လှောင်သရော်သည့် စိတ်သဘောကို အရိပ်အရောင်မျှ မပြုပါနှင့်။ မထီလေးစားပြုသည့် အသံမျိုး စိုးစဉ်းမျှ မပြုလုပ်ပါနှင့်။ သင်၏ ကိုယ်ပိုင် စကား တစ်လုံးကို ပြောခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ် သင်၏ အလေးဂရု မပြုသော အမူအရာကို ပြခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ် သံသယ ဖြစ်ခြင်း နှင့် ယုံကြည် စိတ်ချခြင်း ကင်းမဲ့လျှင် လည်းကောင်း အသက်ဝိညာဉ် တစ်ခု ဆုံးရှုံးသွားနိုင်ပါသည်။ သူသည် လူသား ဖြစ်သည့် အလျောက် ကျွန်ုပ်တို့၏ အစ်ကိုကြီးတည်းဟူသော ခရစ်တော်အရှင်ကဲ့သို့ ကြင်နာ သနားတတ်သည့် စိတ်နှလုံး ရှိသော ညီအစ်ကို၏ နှလုံးသားနှင့် တွေ့ထိဖို့ လိုနေပါသည်။ ကိုယ်ချင်းစာတတ်သော လက်ဖြင့် သူ့အား တင်းကျပ်စွာ ဖက်ထားပြီးလျှင် ဆုတောင်းပတ္ထနာ ပြုကြစို့ဟု တိုးတိုး ပြောပါ။ သင်တို့ နှစ်ဦးလုံးအား ကြွယ်ဝစွာသော အတွေ့အကြုံကို ဘုရားရှင် ပေးသနားတော်မူလိမ့်မည်။ ဆုတောင်းပတ္ထနာ ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် တစ်ဦး နှင့် တစ်ဦး သာမက ဘုရားကိုယ်တော်ရှင် နှင့်ပါ နီးစပ်ကြပေလိမ့်မည်။ ဆုတောင်းပတ္ထနာ ပြုခြင်းအားဖြင့် ယေရှုရှင်သည် ကျွန်ုပ်တို့၏ အနီးသို့ လာ၍ အားအင်ကုန်ခန်းသဖြင့် ကြံရာမရ ဖြစ်နေသူအား ဤ လောကကို လည်းကောင်း၊ ဇာတိပကတိ သဘောကို လည်းကောင်း၊ စာတန်ကို လည်းကောင်း အောင်နိုင်ရန် အသစ်သော ခွန်အားကို ပေးတော်မူ၏။ ဆုတောင်းပတ္ထနာ ပြုခြင်းဖြင့် စာတန်၏ တိုက်ခိုက်မှုကို တွန်းလှန်ဖြိုဖျက်နိုင်ပါသည်။COLB 299.2

    လူသား၏ မစုံလင်မှုကို ကျောခိုင်း၍ ခရစ်တော်ကို ရှုမျှော်လျှင် အကျင့်စာရိတ္တသည် မြင့်မြတ်သော ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဖြစ်လိမ့်မည်။ စိတ်နှလုံးအတွင်း၌ ခရစ်တော်၏ ဝိညာဉ်တော် ဆောင်ရွက်လျှင် ကိုယ်တော်ရှင်၏ ပုံသဏ္ဌာန်တော်ကို ဆောင်လိမ့်မည်။ ထိုအခါ သင်၏ အားထုတ်မှုသည် ခရစ်တော်ကို ချီးမြှောက်ရန်အတွက် ဖြစ်ပါစေ။ “ဤ လောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို” သင်၏ ဉာဏ်မျက်စိဖြင့် ကြည့်ပါ။ ယော၊ ၁:၂၉။ ၎င်းအပြင် သင်သည် ယင်းသို့ပြုစဉ် “အပြစ် ရှိသော သူကို မှားယွင်းသော လမ်းမှ ပြန်စေသော သူသည် ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်သည်” ဟု သတိရပါ။ ယာကုပ်၊ ၅:၂၀။COLB 300.1

    “သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကို မလွှတ်လျှင် သင်တို့ အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ။” မ၊ ၆:၁၅။ ခွင့်မလွှတ်တတ်သော သဘောကို အဘယ်နည်းနှင့်မျှ တရားမျှတသည် ဟု မဆိုနိုင်ပါ။ သူတစ်ပါးအား မသနားညှာတာတတ်လျှင် သူ ကိုယ်တိုင်သည်လည်း ဘုရားသခင်၏ လွတ်ငြိမ်းခွင့်ကို ခံစားရသူ မဟုတ်ကြောင်း ဖေါ်ပြနေပါသည်။ ဘုရားသခင်သည် အပြစ်ဖြေလွှတ်ခွင့်ကို ပြုတော်မူရာ၌ မှားယွင်းသော သူ၏ စိတ်နှလုံးကို အနန္တမေတ္တာတော်ရှင်၏ စိတ်နှလုံးနှင့် နီးကပ်အောင် ဆွဲယူတော်မူခြင်း ဖြစ်ပါသည်။ မေတ္တာတော်ဒီရေသည် အပြစ်သား၏ အသက်ဝိညာဉ်တွင်းသို့ စီးဝင်၍ သူမှ တစ်ဆင့် အခြား အသက်ဝိညာဉ်များသို့ ဆက်လက် စီးဆင်းလေ၏။ ခရစ်တော်၏ အတိုင်းမသိ အဖိုးထိုက်တန်သော အသက်တာတွင် ထင်ရှားစွာ ပြတော်မူခဲ့သည့် သနားစုံမက်တတ်ခြင်း နှင့် ခွင့်လွှတ်တတ်ခြင်းသည် ကိုယ်တော်၏ ကျေးဇူးတော်ကို ခွဲဝေခံစားရသူများတွင် တွေ့မြင်ရပါလိမ့်မည်။ သို့သော “ခရစ်တော်၏ ဝိညာဉ်ကို မရသော သူ မည်သည်ကား ခရစ်တော်နှင့် မဆိုင်။” ရော၊ ၈:၉။ သူသည် ဘုရားသခင်နှင့် မိတ်သဟာရ ပျက်၍ ဘုရားသခင်၏ ထံတော်မှ ထာဝရ ခွဲခွာရန်အတွက်သာ သင့်လျော်ပေ၏။COLB 300.2

    သူသည် တစ်ကြိမ်က အပြစ် ဖြေလွှတ်ခြင်းကို အမှန်ပင် ခံခဲ့ရမည် ဖြစ်သော်လည်း သူ၏ ကြင်နာမှု ကင်းမဲ့သော စိတ်သဘောသည် ဘုရားသခင်၏ လွတ်ငြိမ်းခွင့် ပေးသော မေတ္တာတော်ကို ယခု ငြင်းပယ်နေပါသည်။ သူသည် ကိုယ်တိုင် ဘုရားသခင်နှင့် ခွဲခွာ၍ နေသောကြောင့် အပြစ်ဖြေလွှတ်ခွင့် မရရှိမီက အခြေအနေသို့ ပြန်၍ ရောက်နေပါသည်။ သူ၏ နောင်တကို သူ ကိုယ်တိုင် ငြင်းဆိုသောကြောင့် သူ၏ ဒုစရိုက်အပြစ်တို့သည် နောင်တ မရ သကဲ့သို့ပင် သူ့အပေါ်သို့ ရောက်ပြန်၏။COLB 300.3

    ဤ ဥပမာတွင် ဖေါ်ပြထားသည့် ထူးခြားသော သင်ခန်းစာမှာ ဘုရားသခင်၏ ကရုဏာတော် နှင့် လူသား၏ စိတ်နှလုံး ခိုင်မာခြင်း ကွာဟပုံပင် ဖြစ်ပါသည်။ သို့ပါ၍ ဘုရားသခင်၏ အပြစ်ဖြေလွှတ်တတ်သည့် ကရုဏာတော် နှင့် ကျွန်ုပ်တို့ အပြစ်ဖြေလွှတ်ပုံကို နှိုင်းယှဉ် တိုင်းတာနိုင်ပါသည်။ “ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလော။”COLB 301.1

    ကျွန်ုပ်တို့က အပြစ်လွှတ်သောကြောင့် ကျွန်ုပ်တို့၏ အပြစ်ကို ဖြေလွှတ်တော်မူသည် မဟုတ်၊ ကျွန်ုပ်တို့ အပြစ်ဖြေလွှတ်သကဲ့သို့ အပြစ်ဖြေလွှတ်တော်မူ၏။ ခပ်သိမ်းသော အပြစ်ဖြေလွှတ်ခြင်း၏ အကြောင်းရင်းကို ကျွန်ုပ်တို့နှင့် မထိုကတန်သည့် ဘုရားသခင်၏ မေတ္တာတော်တွင် တွေ့သိနိုင်ပါသည်။ သို့သော် ယင်း မေတ္တာမျိုး ကျွန်ုပ်တို့၌ ရှိသည် မရှိသည်ကိုမူကား ကျွန်ုပ်တို့သည် သူတစ်ပါး အပေါ်တွင် ထားရှိသည့် သဘောထားက ဖေါ်ပြပါလိမ့်မည်။ ထိုကြောင့် “သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကို စီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏ နှင့် သူတစ်ပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” ဟု ခရစ်တော် သြဝါဒ ပေးတော်မူ၏။ မ၊ ၇:၂။COLB 301.2

    * * * * *