Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ပြောဟောခြင်း

    ပရိသတ်ရှေ့တွင် စကားပြောတတ်ခြင်းသည် စွမ်းရည် တစ်ခု ဖြစ်သောကြောင့် လုံ့လဝီရိယ စိုက်ထုတ်၍ ပြုစုပျိုးထောင်ရမည်။ ဘုရားသခင်၏ အထံတော်မှ ကျွန်ုပ်တို့ ရရှိသော ဆုကျေးဇူး အားလုံးတွင် ဤ ကောင်းချီးမင်္ဂလာထက် ပို၍ သင့်လျော်သော ဆုကျေးဇူး မရှိပါ။ စကားပြောခြင်း အားဖြင့် သဘောပေါက်အောင် ဖျောင်းဖျနိုင်ပါသည်။ အသံ အားဖြင့် ကျွန်ုပ်တို့ ပတ္တနာပြု၍ ဘုရားသခင်ကိ ချီးမွမ်းကြပါသည်။ ၎င်းပြင် ယင်း အသံ အားဖြင့်ပင် သူတစ်ပါးအား ရွေးနုတ်ရှင်၏ မေတ္တာတော် အကြောင်းကို ပြောဟောကြပါသည်။ ထိုကြောင့် ၎င်းအားဖြင့် ကောင်းမြတ်သော အမှုကို ဆောင်ရွက်ဖို့ ၎င်းကို လေ့ကျင့်ထားရန် မည်မျှ အရေးကြီးပါသနည်း။COLB 415.3

    ဗဟုသုတ ကြွယ်ဝသူများ နှင့် ခရစ်ယာန် လှုပ်ရှားမှုတွင် ပါဝင်သူ အများသည် အသံကို လေ့ကျင့်ခြင်း နှင့် မှန်ကန်စွာ အသုံးပြုရန် များစွာ လျစ် လျူရှုထားကြပါသည်။ စကားပြောရာ၌ လည်းကောင်း၊ စာဖတ်ရာ၌ လည်းကောင်း အသံကို တိုးလွန်းခြင်း၊ လျင်မြန်လွန်းခြင်း စသည်တို့ကြောင့် လွယ်ကူစွာ နားမလည်နိုင်ကြပါ။ အချို့ အသံနက်ပြီး မကွဲမပြား ပြောသောကြောင့် လည်းကောင်း၊ အချို့ အသံမြှင့်၍ ကျယ်လောင် စူးရှစွာ ပြောသောကြောင့် လည်းကောင်း နားထောင်သူများ နားမသက်သာ ဖြစ်ရကြ၏။ ကျမ်းချက်များ၊ ဓမ္မသီချင်းများ နှင့် အစီရင်ခံစာများမှ အစ အခြား စာရွက်စာတမ်းများကို ပရိသတ် ရှေ့တွင် တင်ပြ ဖတ်ကြားကြရာ၌ ဖတ်ပုံဖတ်နည်းကြောင့် နားမလည်နိုင်ကြသည် သာမက ၎င်းတို့၏ အဓိပ္ပါယ် နှင့် စိတ်ပါဝင်စားစေလိုသည့် အချက်များကိုလည်း ပျက်ပြယ်စေပါသည်။COLB 415.4

    ၎င်းသည် ပြုပြင်သင့်၍ ပြုပြင်နိုင်သော အမှား ဖြစ်ပါသည်။ ယင်းအကြောင်းနှင့် စပ်လျဉ်း၍ သမ္မာကျမ်းစာတော်မြတ်တွင် သြဝါဒ ပေးထားချက် ရှိပါသည်။ “ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဖတ်ရွက်၍ အနက်ကို ပြန်သဖြင့် လူများ နားလည်စေခြင်းငှါ ပြုကြ၏။” ဟု ဧဇရ လက်ထက်က လူပရိသတ်တို့အား ကျမ်းစာ ဖတ်ပြရသော လေဝိ အမျိုးသားများ အကြောင်းကို မှတ်တမ်းတင်ထားပါသည်။ နေ၊ ၈:၈။COLB 416.1

    လူအများ နားလည်လွယ်အောင် စာဖတ်နိုင်ခြင်း နှင့် ကြည်လင် ပီသ၍ ပြေပြစ်သော အသံဖြင့် အများစိတ်နှင့် တွေ့ထိအောင် စကားပြောနိုင်ခြင်းတို့ကို ကောင်းစွာ ကြိုးစားအားထုတ်ခြင်းဖြင့် လူတိုင်း ဆည်းပူးရယူနိုင်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ခရစ်တော်၏ အမှုတော်အတွက် ကျွန်ုပ်တို့၏ အရည်အချင်းများစွာ ပိုမို တိုးတက်ပေလိမ့်မည်။COLB 416.2

    ရှာဖွေစူးစမ်း၍ မကုန်မခန်းနိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံမှုကို သူတစ်ပါးတို့ သိကျွမ်းအောင် ဆောင်ရွက်ရန် ခရစ်ယာန်တိုင်းအား ခေါ်တော်မူသည် ဖြစ်၍ စကားပြောခြင်း၌ စုံလင်ခြင်း ရရှိအောင် ရှာဖွေကြိုးစား အားထုတ်သင့်ပါသည်။ ကြားနာသူများ ချီးမွမ်းထောက်ခံရ လောက်အောင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို တင်ဆက်သင့်ပါသည်။ လူသား အမှုဆောင်များသည် လူနုံလူအ များကဲ့သို့ မတင့်တယ်ဘဲ ဖြစ်နေ ကြမည်ကို ဘုရားသခင် အလိုမရှိပါ။ ကိုယ်တော်ရှင်ထံမှ ဤ လောကသို့ စီးဆင်းသော ကောင်းကင် ရေစီးကြောင်းကို လူသားတို့က ယုတ်လျော့စေအောင် သို့မဟုတ် အဆင့်အတန်း နိမ့်ကျစေအောင် ဆောင်ရွက်ရန် ဘုရားသခင် အလိုတော် မရှိပါ။COLB 416.3

    ကျွန်ုပ်တို့သည် စုံလင်သော စံနမူနာ ဖြစ်တော်မူသည့် ယေရှုရှင်ကို ရှေးရှု၍ အမှုတော်ကို စုံလင်စွာ ဆောင်ရွက်နိုင်ရန် သန့်ရှင်းသော ဝိညာည်တော်၏ ကူညီမစမှု နှင့် ကိုယ်တော်၏ စွမ်းအားကို တောင်းလျှောက်၍ ကိုယ်အင်္ဂါ ရှိသမျှကို လေ့ကျင့်ပေးရန် ကြိုးစားသင့်ပါသည်။COLB 417.1

    ဤ ကိစ္စသည် အများပြည်သူအတွက် အမှုတော်ဆောင်ရွက်ရန်ခေါ်တော်မူခြင်းကို ခံရသူများနှင့် အထူး သက်ဆိုင်ပါသည်။ ဓမ္မဆရာ အားလုံး နှင့် စာသင်ဆရာ အားလုံးတို့သည် ထာဝရ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်းသော သတင်းစကားကို အများပြည်သူလူထု အပေါင်းတို့အား ဝေငှနေသူများ ဖြစ်ကြောင်း သတိပြုကြရန် လိုအပ်ပါသည်။ နောက်ဆုံးနေ့ကြီး ရောက်လာသောအခါ သူတို့ ဟောပြောသည့် သမ္မာတရားသည် သူတို့အား စီရင်ဆုံးဖြတ်လိမ့်မည်။ အချို့သော အသက်ဝိညာဉ်များအတွက်မှာ မူကား သတင်းစကား ဝေငှသော သူ၏ ပြောဟောပုံ အပေါ် မူတည်၍ လက်ခံခြင်း၊ ငြင်းပယ်ခြင်း ပြုလိမ့်မည်။ ထိုကြောင့် နာကြားသူ နားလည် သဘောပေါက်၍ စိတ်နှလုံးတွင် မှတ်ကျုံးနိုင် လောက်သော စကားလုံးများ ဖြစ်ပါစေ။ သို့သော် အရေးကြီးလျှင် အရေးကြီးသလို စိတ်အားထက်သန်စွာ ပြောဟောရမည်။COLB 417.2

    စစ်မှန်သော ယဉ်ကျေးမှု နှင့် စကားဟောပြောခြင်း စွမ်းရည်သည် ခရစ်ယာန် အမှုတောင်ဆောင် လုပ်ငန်း လိုင်းပေါင်းစုံနှင့် သက်ဆိုင်သည် ဖြစ်ရာ အိမ်ထောင်ရေး အသက်တာတွင် လည်းကောင်း၊ တစ်ဦး နှင့် တစ်ဦး ဆက်ဆံမှုတွင် လည်းကောင်း လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် နှစ်သက်ဖွယ်သော အသံဖြင့် ပြောဆိုခြင်းကို လည်းကောင်း၊ သန့်စင်မှန်ကန်သော စကားလုံး အသုံးအနှုန်းများကို လည်းကောင်း၊ ယဉ်ကျေးပြေပြစ်၍ ကြာနာမှုဖြင့် ပြောဆို ဆက်ဆံခြင်းကို လည်းကောင်း အလေ့အကျင့်ရနေသင့်ပါသည်။ ချိုသာကြင်နာသော စကားလုံးများသည် စိတ်ဝိညာဉ်အတွက် နှင်းပေါက် နှင့် ဖြည်းညင်းသော မိုးပေါက်ကဲ့သို့ ဖြစ်ပါသည်။ “ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောမည် အကြောင်း” (ဟေရှာ၊ ၅၀:၄) ခရစ်တော်၏ “နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံ” တော်မူ၏။ (ဆာ၊ ၄၅:၂) ဟု ကျမ်းစာတော်မြတ်တွင် ဖေါ်ပြထားပါသည်။ ထိုမျှမက “ကြားနာရသော သူတို့၏ အကျိုးကို ပြုစုစေခြင်းငှါ”(ဧ၊ ၄:၂၉) “သင်တို့၏ စကားသည် … အစဉ်မပြတ် တင့်တယ် လျောက်ပတ်ပါစေ” ဟု ကိုယ်တော် မိန့်တော်မူ၏။ (ကော၊ ၄:၆)။COLB 417.3

    သူတစ်ပါးအား ဆုံးမပဲ့ပြင်ခြင်း ပြုလိုသောအခါ ကျွန်ုပ်တို့၏ စကားအသုံးအနှုန်းကို အထူး သတိပြုရမည်။ ယင်း စကားများသည် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် သို့မဟုတ် သေခြင်းတိုင်အောင် သေခြင်း၏ ရနံ့ ဖြစ်ကြပေလိမ့်မည်။ အပြစ် ဖေါ်ပြဆုံးမခြင်း သို့မဟုတ် အကြံပေးခြင်းများ ပြုလုပ်ရာတွင် အများသော သူတို့သည် ဒဏ်ရာရရှိနေသော စိတ်ဝိညာဉ်အတွက် မသင့်လျော်သည့် လျင်မြန် ပြင်းထန်သော စကားလုံးများကို အသုံးပြုတတ်ကြပါသည်။ ယင်းသို့ မသင့်မလျော်သော အသုံးအနှုန်းများကြောင့် စိတ်အနှောင့်အယှက် ဖြစ်၍ အမျက်ထွက်သဖြင့် အမှား ပြုမိသူ၌ ပုန်ကန်လိုစိတ်များ ပေါ်ပေါက်လာတတ်ပါသည်။ သမ္မာတရား၏ အခြေခံ သဘောတရားနှင့် ပတ်သက်၍ ရှေ့ဆောင်လမ်းပြ ပြုလိုသူများသည် ကောင်းကင် မေတ္တာဆီကို လက်ခံရယူထားရန် လိုအပ်ပါသည်။ မည်သည့် အခြေအနေ၌ပင် ဖြစ်စေ မေတ္တာ ရှေ့ထား၍ ဆုံးမပဲ့ပြင်သင့်ပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ စကားလုံးများကြောင့် အမျက်ဒေါသ မဖြစ်ဘဲ ပြုပြင်ပြောင်းလဲလိမ့်မည်။ ခရစ်တော်သည် မိမိ၏ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် စွမ်းအား နှင့် အကျိုးသက်ရောက်မှုကို ပေးတော်မူလိမ့်မည်။ ၎င်းသည် ကိုယ်တော်၏ တာဝန် ဖြစ်ပါသည်။COLB 418.1

    မလျော်ကန် မသင့်မြတ်သော စကား တစ်ခွန်းတစ်ပါဒကိုမျှ မပြောမဆိုသင့်ပါ။ ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်နေသူ တစ်ဦး သည် မသင့်မလျော်သော စကား နှင့် သိမ်ဖျင်းသော စကားများကို လည်းကောင်း၊ စိတ်တို၍ မကျေမချမ်း ဖြစ်ခြင်းများကို လည်းကောင်း၊ မစင်ကြယ်သော အကြံပေးခြင်းများကို လည်းကောင်း ရှောင်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းခြင်း အားဖြင့် တမန်တော် ရှင်ပေါလုက “ညစ်ညူးသော စကား တစ်ခွန်းကိုမျှ သင်တို့ နှုတ်ထဲက မထွက်စေနှင့်” ဟု သြဝါဒ ပေးထားပါသည်။ ဧဖက်၊ ၄:၂၉။ ညစ်ညူးသော စကားဆိုသည်မှာ စက်ဆုပ်ဖွယ်သော စကားများကိုသာ ဆိုလိုသည် မဟုတ်ပါ၊ သန့်ရှင်းသော အခြေခံ သဘောတရားများ နှင့် သန့်စင်ပီပြင်၍ စင်ကြယ်သန့်ရှင်းသော ဘာသာ အယူဝါဒနှင့် ဆန့်ကျင်ဖီလာသော အသုံးအနှုန်းများကို ဆိုလိုပါသည်။ မသန့်ရှင်းသော စကားရိပ် ပေးခြင်းများ နှင့် မကောင်းမှုကို သွယ်ဝိုက်၍ မထင်မရှား အားပေးခြင်းများ ပါဝင်ပါသည်။ ဤ အရာများကို ရုတ်ခြည့်းတွန်းလှန် တိုက်ဖျက်ခြင်း မပြုပါက ကြီးလေးသော ဒုစရိုက်လမ်းသို့ ပို့ဆောင်လိမ့်မည်။COLB 418.2

    ယုတ်ညံ့သော စကားပြောဆိုခြင်းကို ဆန့်ကျင်တားဆီးရန် ခရစ်ယာန်တိုင်း နှင့် ခရစ်ယာန် မိသားစုတိုင်းတွင် တာဝန် ရှိပါသည်။ မကောင်းသော စကားများကို ပြောဆိုလေ့ ရှိသော သူတို့နှင့် ဆုံတွေ့ရသောအခါ ပြောဆို ဆွေးနွေးသည့် အကြောင်းအရာကို အတတ်နိုင်ဆုံး လွှဲပြောင်းရန် ကျွန်ုပ်တို့တွင် တာဝန် ရှိပါသည်။ဘုရားသခင်၏ ကျေးဇူးတော် အကူအညီဖြင့် အကျိုး ရှိသော စကားပြောဆို ဆွေးနွေးသည့် အခြေသို့ ရောက်အောင် မသိမသာ စကားလုံးများ ထည့်သွင်းခြင်း၊ အကြောင်းအရာကို လွှဲပြောင်း ဆွေးနွေးခြင်းများ ပြုလုပ်သင့်ပါသည်။COLB 419.1

    ကလေး သူငယ်များသည် ကောင်းသော စကား ပြောဆိုခြင်း အလေ့အထ ရရှိအောင် လေ့ကျင့်ပေးရန် မိဘတို့တွင် တာဝန် ရှိပါသည်။ ထိုသို့သော ယဉ်ကျေးသိမ်မွေ့ခြင်းကို ရရှိအောင် ဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော ကျောင်းမှာ မိသားစု အသက်တာပင် ဖြစ်ပါသည်။ ကလေးသူငယ်များသည် ငယ်ရွယ်နုနယ်စဉ် အချိန်မှ စ၍ ရိုသေ ကိုင်းရှိုင်းစွာဖြင့် လည်းကောင်း၊ ချစ်ခင်မြတ်နိုးစွာဖြင့် လည်းကောင်း မိဘများ နှင့် သာမက မိမိတို့ အချင်းချင်းပါ ပြောဆို ဆက်ဆံရန် သင်ကြားပေးသင့်ပါသည်။ သူတို့၏ နှုတ်ထွက် စကားများသည် သိမ်မွေ့သော စကား၊ သန့်စင်သော စကားများသာ ဖြစ်ရန် သွန်သင်ထားရမည်။ မိဘများ ကိုယ်တိုင်ကလည်း ခရစ်တော်၏ ကျောင်းတော်တွင် နေ့ရက် အစဉ်အတိုင်း သင်ကြား နာယူနေသော သူများ ဖြစ်ရပါမည်။ သို့မှသာလျှင် ကျင့်ဝတ်အားဖြင့် လည်းကောင်း၊ စံနမူနာအားဖြင့် လည်းကောင်း သားသမီးတို့အား “အပြစ်တင်ဖွယ် မရှိ၊ စင်ကြယ်သော တရားစကားကို ပြော” ဆိုကြရန် သင်ကြားပေးနိုင်ကြပေလိမ့်မည် (တိတု၊ ၂:၈)။ ယင်းအချက်သည် မိဘတို့အတွက် အကြီးဆုံး နှင့် အရေးပါအရာရောက်ဆုံးသော တာဝန်ဝတ္တရားပင် ဖြစ်ပါသည်။COLB 419.2

    ကျွန်ုပ်တို့သည် ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူများ ဖြစ်ကြသည်နှင့် လျော်ညီစွာ ကျွန်ုပ်တို့ ပြောဆိုသော စကားများသည် ခရစ်ယာန် အသက်တာအတွက် တစ်ဦးကို တစ်ဦး အထောက်အကူ ဖြစ်စေမည့် စကားများ နှင့် အားပေးကူညီသော စကားများသာ ဖြစ်သင့်ပါသည်။ ကျွန်ုပ်တို့ ဘဝ အသက်တာ အတွေ့အကြုံများတွင် မြတ်နိုးဖွယ် ဖြစ်သော အခန်းကဏ္ဍများ အကြောင်းကို များစွာ ထုတ်ဖေါ် ပြောသင့်ပါသည်။ ဘုရားသခင်၏ ကျေးဇူး ကရုဏာတော် နှင့် မေတ္တာတော်အကြောင်းကို လည်းကောင်း၊ ကယ်တင်ရှင်၏ အတုမရှိ နက်နဲသော မေတ္တာတော် အကြောင်းကို လည်းကောင်း ဆွေးနွေးသင့်ပါသည်။ ကျွန်ုပ်တို့ ပြောသော စကားများသည် ဘုရားသခင်၏ ဂုဏ်တော် နှင့် ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုသည့် စကားများသာ ဖြစ်သင့်ပါသည်။ စိတ်နှလုံးသည် ဘုရားသခင်၏ မေတ္တာတော်နှင့် ပြည့်ဝနေပါက စကားပြောဆိုရာတွင် ပေါ်လွင် လိမ့်မည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေး အသက်တာတွင် ခံယူ ရရှိထားသော အရာများကို ဝေငှပေးကမ်းရန် အခက်အခဲ ရှိမည် မဟုတ်ပါ။ မြင့်မြတ်သော အတွေးအခေါ်၊ ဂုဏ်အသရေ ရှိစွာ မြွက်ဆိုခြင်း၊ သမ္မာတရားကို ရှင်းလင်းစွာ သိမြင်ခြင်း၊ ကိုယ်ကျိုး မဖက်သော အကြံအစည်များ၊ ဘုရားတရား ကြည်ညိုခြင်း၊ သန့်ရှင်းခြင်းကို လိုလားတောင့်တခြင်း အစရှိသည့် ကောင်းကျိုးအသီးများသည် အကျင့်စာရိတ္တ နှလုံး ဘဏ္ဍာတွင် ပေါ်လွင်ထင်ရှားလိမ့်မည်။ ၎င်းနည်းအားဖြင့် ကျွန်ုပ်တို့၏ စကားပြောဆိုရာတွင် ခရစ်တော်၏ ဂုဏ်တော်ကို ထင်ရှားပေါ်လွင်စေခြင်း အားဖြင့် ကိုယ်တော်အတွက် အသက်ဝိညာဉ်များ ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ပေလိမ့်မည်။COLB 420.1

    ခရစ်တော်၏ အကြောင်းကို မသိသေးသော သူများအား ကျွန်ုပ်တို့ ပြောပြသင့်သည်များမှာ၊ ခရစ်တော် ပြုတော်မူသကဲ့သို့ ကျွန်ုပ်တို့ ပြုသင့်ကြောင်းများပင် ဖြစ်ပါသည်။ တရားဇရပ်တွင် ဖြစ်စေ၊ လမ်းဘေးလမ်းမတွင် ဖြစ်စေ၊ လှေထဲ၌ ကမ်းခြေမှ အနည်းငယ် ခွါ၍ ဖြစ်စေ၊ ဖါရိရှဲ၏ စားသောက်ပွဲ၌ ဖြစ်စေ၊ အခွန်ခံ၏ စားသောက်ပွဲ၌ ဖြစ်စေ၊ မည်သည့်နေရာ၌ပင် ဖြစ်စေကာမူ ကိုယ်တော်သည် အထက်အရပ် အသက်တာ အကြောင်းကို လူတို့အား ဟောကြားတော်မူ၏။ သဘာဝ၏ အကြောင်းများ နှင့် နေ့စဉ်ဘဝ အသက်တာ၏ အတွေ့အကြုံများကို သမ္မာတရား စကားများနှင့် ပေါင်းစပ်၍ သြဝါဒ ပေးတော်မူ၏။ တရားနာသော သူတို့တွင် ဖျားနာသော သူတို့အား အနာရောဂါ ကင်းငြိမ်းစေခြင်း၊ စိတ်ဒုက္ခရောက်သော သူတို့အား နှစ်သိမ့်စေခြင်း၊ သူတို့၏ ကလေးငယ်များအား လက်တော်နှင့် ပွေ့ပိုက်၍ ကောင်းချီးပေးခြင်းများ အားဖြင့် တရားနာသူများ၏ စိတ်နှလုံးများကို ဆွဲယူတော်မူ၏။ ကိုယ်တော်သည် နှုတ်တော်ကို ဖွင့်၍ ဟောပြောတော်မူသည်နှင့် တစ်ပြိုက်နက် တရားနာသူ အပေါင်းသည် ကိုယ်တော်အား စိုက်၍ ကြည့်နေကြရာ ကိုယ်တော်၏ စကားလုံးတိုင်းသည် အသက်ဝိညာဉ် အများအတွက် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်လေ၏။COLB 421.1

    ထိုကြောင့် ကျွန်ုပ်တို့သည်လည်း ယင်းအတိုင်းပင် ဆောင်ရွက်သင့်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့် နေရာအရပ်၌ပင် ရှိစေကာမူ ကယ်တင်ရှင်၏ အကြောင်းကို ပြောဟောရန် အခွင့်အရေးကို အမြဲတစေ စောင့်ကြည့်နေသင့်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ စံနမူနာကို လိုက်၍ ကိုယ်တော်ကဲ့သို့ ကျေးဇူးပြု လုပ်ငန်း ဆောင်ရွက်ပါက တရားနာသူများသည် ကိုယ်တော်အား သူတို့၏ စိတ်နှလုံးများကို ဖွင့်ပေးကြ သကဲ့သို့ ကျွန်ုပ်တို့အားလည်း ဖွင့်ပေးကြပေလိမ့်မည်။ ရုတ်တရက် ချက်ချင်း မဟုတ် သော်လည်း ဘုရားရှင်၏ မေတ္တာတော်မှ ဖြစ်ပွားသည့် ချက်ကျလက်ကျ ပြောဆိုတတ်ခြင်းဖြင့် “လူ တစ်သောင်းတို့တွင် အထွတ်အမြတ် ဖြစ်တော်မူ” ၍ “တစ်ကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော်မူ” သော ကိုယ်တော်၏ အကြောင်းကို ကျွန်ုပ်တို့ ပြောဟောနိုင်ပါသည်။ သီ၊ ၅:၁၀၊၁၆။ ၎င်းမှာ စကားပြောဆိုတတ်ခြင်း စွမ်းရည်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ ဆောင်ရွက်သည့် အမြင့်မြတ်ဆုံး အမှုတော် ဖြစ်ပါသည်။ ယင်း စွမ်းအားကို ကျွန်ုပ်တို့အား ပေးထားတော်မူသည့် အကြောင်းရင်းမှာ ခရစ်တော်သည် အပြစ် ဒုစရိုက်များကို ဖြေလွှတ်တော်မူသည့် ကယ်တင်ရှင် ဖြစ်တော်မူကြောင်း ဟောပြောရန်အတွက်ပင် ဖြစ်ပါသည်။COLB 421.2

    Larger font
    Smaller font
    Copy
    Print
    Contents