Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    စွမ်းရည်သတ္တိ အမြတ်အစွန်း

    “ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည် လာ၍ သူတို့ကို စာရင်းယူလေ၏။” ဘုရားသခင်သည် မိမိ အမှုတော်ဆောင်များ၏ စာရင်းများကို စစ်ဆေးသောအခါ စွမ်းရည်သတ္တိ ရှိသမျှအတွက် အကျိုးသက်ရောက်မှုကို စေ့စပ်သေချာစွာ ကြည့်ရှုတော်မူလိမ့်မည်။ လုပ်ငန်း ဆောင်ရွက်သူ၏ အကျင့်စာရိတ္တကို ပြီးမြောက်သည့် လုပ်ငန်းက ထင်ရှားစွာ ပြလိမ့်မည်။COLB 456.1

    အခွက် ငါးဆယ် နှင့် အခွက် နှစ်ဆယ်ကို လက်ခံရရှိသော သူတို့သည် မိမိတို့အား အပ်နှင်းထားခဲ့သည့် ဆုကျေးဇူးများ နှင့်တကွ ၎င်းတို့မှ တိုးပွားရရှိထားသော ဆုကျေးဇူးများကိုပါ ပြန်လည် ပေးအပ်ကြပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် သူတို့ ခံစားထိုက်သော အကျိုးအမြတ်ကို မတောင်းဆိုကြပါ။ သူတို့၏ စွမ်းရည်သတ္တိများမှာ သူတို့အား ယုံကြည် လွှဲအပ်ထားခဲ့သည့်အတိုင်း ဖြစ်၍ အခြားသော စွမ်းရည်သတ္တိများကိုလည်း ထပ်လောင်း ရရှိခဲ့ပါသည်။ သို့သော် သူတို့အား ပေးအပ်ထားခြင်း မရှိခဲ့ပါက သူတို့သည် အမြတ်အစွန်းကို ရရှိနိုင်ကြမည် မဟုတ်ပါ။ ပေးအပ်ခဲ့သည့် တာဝန်ဝတ္တရားများကိုသာ ဆောင်ရွက်ကြသည်ဟု သူတို့ နားလည်သဘောပေါက်ကြ၏။ အရင်းတည်သော ပစ္စည်းသည် ထာဝရအရှင် ဘုရားသခင်၏ ဥစ္စာဘဏ္ဍာ ဖြစ်သောကြောင့် အမြတ်အစွန်းကိုလည်း ဘုရားသခင် ပိုင်တော်မူ၏။ ကယ်တင်ရှင်သည် သူတို့၏ အပေါ်သို့ မိမိ ကျေးဇူးမေတ္တာတော်ကို သွန်းလောင်းခြင်း မပြုပါက သူတို့သည် ထာဝရ ကုန်ရှုံး၍ ပစ္စည်း ပြုန်းတီးသူများ ဖြစ်ကြလိမ့်မည်။COLB 456.2

    သို့သော် သခင်သည် ငွေအခွက်များ တည်းဟူသော စွမ်းရည်သတ္တိများကို ပြန်လည် ရရှိသောအခါ အမှုတော်ဆောင်များ၏ လုပ်ငန်းကို နှစ်သက် ကျေနပ်တော်မူသောကြောင့် သူတို့ ရရှိသည့် အကျိုးအမြတ် အားလုံးကို သူတို့ပင် ပိုင်သကဲ့သို့ သူတို့အား ဆုချတော်မူ၏။ ကိုယ်တော်၏ မျက်နှာတော်တွင် ကျေနပ် ဝမ်းမြောက်ခြင်း အပြည့်အဝ ရှိတော်မူ၏။ သူတို့အား ကောင်းချီးမင်္ဂလာ ပေးနိုင်တော်မူသည် ဖြစ်၍ အားရနှစ်သက် တော်မူ၏။ အမှုတော် ဆောင်ရွက်သမျှ နှင့် အနစ်နာခံသမျှအတွက် ကိုယ်တော်က ပြန်လည် တုံ့ပြန်ခြင်း ပြုသမျှသည် ကိုယ်တော်က ပေးဆပ်ရန် ကြွေးမြီး ဖြစ်၍ မဟုတ်၊ ကိုယ်တော်၏ နှလုံးတော်သည် မေတ္တာကရုဏာ ယိုဖိတ်လျက် ရှိသောကြောင့် ဖြစ်၏။COLB 456.3

    “သာဓု သစ္စာ ရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာ စောင့်လေပြီ၊ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်၊ သင်၏ သခင် နှင့်အတူ စည်းစိမ်ကို ဝင်စားလော့” ဟု ကိုယ်တော် မိန့်တော်မူ၏။COLB 457.1

    အလိုတော်နှင့် ညီညွတ်ရန်အတွက် ရိုးသား ဖြောင့်မတ်ရမည်၊ ဘုရားသခင်၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေရမည်၊ မေတ္တာ ရှေ့ထား၍ အမှုတော်ကို ထမ်းဆောင်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော် နှိုးဆော်တိုက်တွန်းသည့်အတွက် လူတို့အား ကောင်းမှုပြုရန် နှင့် ဘုရားသခင် အထံတော်သို့ ရောက်ရန် လမ်းညွှန်သူများ၏ ဆောင်ရွက်ချက်တိုင်းကို ကောင်းကင် စာစောင်များတွင် မှတ်တမ်းတင်ထားသည် ဖြစ်၍ ဘုရားသခင်၏ နေ့ရက်ကြီးသို့ ရောက်လာသောအခါ ထို အမှုတော်ဆောင်များသည် ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။COLB 457.2

    ကိုယ်တော်၏ နိုင်ငံတော်သို့ ရောက်သောအခါ သူတို့ ကိုယ်တိုင် ဆောင်ရွက်သည့်အတွက် ရွေးနုတ်ခြင်းကို ခံရသော သူများနှင့် တွေ့ဆုံရကြသောအခါ သူတို့သည် ထာဝရအရှင် ဘုရားသခင် နှင့်အတူ ဝမ်းမြောက်ရကြလိမ့်မည်။ ထိုသူတို့သည် ဤ လောက၌ ကိုယ်တော်၏ အမှုတော်တွင် ပါဝင် ဆောင်ရွက်ရာ၌ ထိုက်တန်သည် ဖြစ်၍ ထို အရပ်တွင်လည်း ကိုယ်တော်၏ အမှုတော်တွင် ပါဝင်ဆောင်ရွက်ရန် အခွင့်အရေး ရကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်တွင် အဘယ်သို့ ဖြစ်ကြလိမ့်မည်ကို ကျွန်ုပ်တို့၏ ပစ္စက္ခ ဘဝအကျင့်စာရိတ္တ နှင့် သန့်ရှင်းသော အမှုတော်ကို ဆောင်ရွက်ပုံက ရောင်ပြန်ဟပ်လိမ့်မည်။ ထိုကြောင့် “လူသားသည် သူတစ်ပါးကို စေစားခြင်းငှါ မလာ၊ သူတစ်ပါး၏ အစေကို ခံခြင်းငှါ ……. ကြွလာသည်” ဟု ကိုယ်တော်ရှင်သည် မိမိ အကြောင်းကို မိန့်တော်မူ၏။ မ၊ ၂၀:၂၇၊၂၈။ ဤ ကမ္ဘာပေါ်တွင် ရှိသော ကိုယ်တော်၏ လုပ်ငန်းမှာ ကောင်းကင်နိုင်ငံတော်တွင် ရှိသော လုပ်ငန်းလည်း ဖြစ်တော်မူ၏။ ထိုကြောင့် ကျွန်ုပ်တို့သည် ဤ ကမ္ဘာ၌ ခရစ်တော် နှင့်အတူ အမှုတော် ဆောင်ရွက်သည့်အတွက် ရရှိသော ဆုလာဘ်မှာ အနာဂတ် ကမ္ဘာတွင် ကိုယ်တော် နှင့်အတူ အမှုတော် ဆောင်ရွက်ရန် ပိုမို ကြီးမြတ်သော စွမ်းအား နှင့် ပိုမို ကျယ်ပြန့်သော အခွင့်အရေး ဖြစ်ပါသည်။COLB 457.3

    “အခွက် တစ်ဆယ်ကို ခံသော သူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသော သူ ဖြစ်သည်နှင့် ကိုယ် မစိုက်မပျိုးသော အရပ်၌ ရိတ်၍ ကိုယ် မဖြန့်မကြဲသော အရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ၍ ကြောက်သောကြောင့် အခြားသို့ သွား၍ ကိုယ်တော်၏ ငွေ အခွက် တစ်ဆယ်ကို မြေ၌ ဝှက်ထားပါပြီ၊ ယခု ကိုယ်တော်၏ ဥစ္စာ ရှိပါသည်ဟု လျှောက်၏။”COLB 458.1

    ဘုရားသခင်၏ ဆုကျေးဇူးများကို ဥပေက္ခာ ပြုထားကြသည့်အတွက် ယင်းအတိုင်း လူတို့ ဆင်ခြေကန်ကြ၏။ ဘုရားသခင်သည် ခဲယဉ်းသည်၊ ကြပ်တည်းသည်၊ ရက်စက်စွာ အုပ်စိုးသည်၊ အမှားများကိုသာ စောင့်ကြည့်နေသည်၊ ပြီးလျှင် အပြစ် နှင့်တကွ ဆပ်ပေး စီရင်တော်မူသည်ဟု သူတို့ သဘောထားကြ၏။ ကိုယ်တော်သည် မစိုက်မပျိုးသော အရပ်၌ ရိတ်သိမ်း၍ ကိုယ်မစွန့်ကြဲသော အရာကို စုသိမ်းသည်ဟု စွပ်စွဲကြ၏။COLB 458.2

    သူတို့ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ နှင့် သူတို့၏ လုပ်အားကို တောင်းဆိုသောကြောင့် ဘုရားသခင်သည် ခဲယဉ်းသော သခင် ဖြစ်သည်ဟု မိမိတို့၏ စိတ်နှလုံး အတွင်း၌ စွပ်စွဲသော သူ အများအပြား ရှိပါသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်အား ဆက်ကပ်အပ်နှံနိုင်သည့် ပစ္စည်း မှန်သမျှတွင် ဘုရားရှင် မပိုင်မဆိုင်သော ဥစ္စာ တစ်စုံတစ်ခုမျှ မရှိပါ။ “ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။” ဟု ဒါဝိဒ်မင်းကြီး လျှောက်ထားခဲ့ပါသည်။ ၅ ရာ၊ ၂၉:၁၄။ ဖန်ဆင်းတော်မှုခြင်းအားဖြင့် လည်းကောင်း၊ ရွေးနုတ်တော်မူခြင်းအားဖြင့် လည်း ကောင်း၊ ခပ်သိမ်းသော အရာတို့ကို ဘုရားသခင် ပိုင်တော်မူ၏။ ယခုဘဝ အသက်တာတွင် ကျွန်ုပ်တို့ ခံစားရရှိသည့် ကောင်းချီးမင်္ဂလာ အပေါင်း နှင့်တကွနောင်လာမည့် ထာဝရဘဝတွင်လည်း ရရှိမည့် ကောင်းချီးမင်္ဂလာများကို ကရာနီ လက်ဝါးကပ်တိုင် တံဆိပ် ရိုက်နှိပ်ထားပြီး ဖြစ်ပါသည်။ ထိုကြောင့် ဘုရားသခင်အား ခဲယဉ်းသော သခင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ ကိုယ် မစိုက်မပျိုးသော အရပ်၌ ရိတ်သိမ်းသည်ဟူ၍ လည်းကောင်း စွပ်စွဲခြင်းမှာ မှားယွင်းမှုသာ ဖြစ်ပါသည်။COLB 458.3

    မလိမ္မာသော ကျွန်၏ တရားမျှတမှု မရှိသော စွပ်စွဲချက်ကို သခင်က မငြင်းဆိုဘဲ “ငါ့ ငွေကို ပွဲစား လက်သို့ အပ်ရမည်၊ ထိုသို့ အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အတိုးကို ရနိုင်၏” ဟု ပေးအပ်ထားသည့် ငွေ အခွက် တစ်ဆယ်ကို ပိုင်ရှင်အတွက် အကျိုးဖြစ်အောင် အသုံးချိနိုင်ပုံကို သူ ပေးသော ဆင်ခြေပေါ်တွင်ပင် အခြေပြု၍ ဖော်ပြလိုက်ပါသည်။COLB 459.1

    ကျွန်ုပ်တို့အား ပေးအပ်ထားသည့် စွမ်းရည်သတ္တိထက် မပိုမလိုသော ဆောင်ရွက်မှုကိုသာ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင် အဘဘုရားသခင် လိုလားတော်မူ၏။ ကိုယ်တော်၏ အမှုတော်ဆောင်များ မထမ်းမဆောင်နိုင်သော တာဝန်ကို ပေးတော်မမူပါ။ “ငါတို့ ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့် ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဆာ၊ ၁၀၃:၁၄။ ကျွန်ုပ်တို့ထံမှ ကိုယ်တော် တောင်းဆိုသမျှကို ကျေးဇူးတော်အားဖြင့် ပြန်လည် ဆက်ကပ်နိုင်ပါသည်။COLB 459.2

    “အကြင်သူသည် များစွာသော ကျေးဇူးကို ခံ၏၊ ထိုသူသည် အများကို ဆပ်ရ၏။” လု၊ ၁၂:၄၈။ ကျွန်ုပ်တို့တွင် ရှိသည့် စွမ်းရည်သတ္တိထက် တစိုးတစိမျှပင် လျှော့၍ ဆောင်ရွက်လျှင် ကျွန်ုပ်တို့ တစ်ဦးစီတွင် တာဝန် ရှိပါသည်။ အမှုတော် ဆောင်ရွက်ရန် ကျွန်ုပ်တို့ တတ်စွမ်းနိုင်သမျှကို ဘုရားသခင် စေ့စပ် သေချာစွာ တိုင်းထွာတော်မူလိမ့်မည်။ အသုံးမပြုဘဲ ထားသည့် အရည်အချင်းများကို တိုးတက် ဖွံ့ဖြိုးအောင် အသုံးချထားသည့် စွမ်းရည်သတ္တိများ နည်းတူပင် စာရင်း မှတ်သားထားတော်မူ၏။ ကျွန်ုပ်တို့ ရရှိထားသည့် စွမ်းရည်သတ္တိများကို မှန်ကန်စွာ အသုံးပြုခြင်းအားဖြင့် တိုး ထက် ကြီးပွားမည့် အတိုင်းအတာနှင့် လျော်ညီစွာ ကျွန်ုပ်တို့ အပေါ် ဘုရားရှင် တာဝန် တင်ထားတော်မူ၏။ ကျွန်ုပ်တို့ စွမ်းရည်ကို ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရန်အတွက် အသုံးမပြုသောကြောင့် ကျွန်ုပ်တို့၏ တာဝန် မပြီးမြောက်ပါက ယင်း အတိုင်းအတာနှင့် လျော်ညီစွာ တရားစီရင်တော်မူလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် ကိုယ် အသက်ဝိညာဉ် မဆုံးရှုံးသည်တိုင်အောင် ကျွန်ုပ်တို့ အသုံးမချခဲ့သည့် စွမ်းရည်သတ္တိများ၏ အကျိုးအပြစ်ကို ဧကန်မုချ တွေ့သိရကြပေလိမ့်မည်။ ကျွန်ုပ်တို့ ရသင့်ရထိုက်ပါလျက် မရရှိသည့် အသိပညာ နှင့် စွမ်းရည် သတ္တိများအတွက် ထာဝရဆုံးရှုံးမှု ရှိပါလိမ့်မည်။COLB 459.3

    သို့သော် ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ် ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်အပ်နှံ၍ မိမိ လုပ်ငန်းတာဝန်ကို ဘုရားသခင် လမ်းညွှန်တော်မူသည့်အတိုင်း လိုက်လျှောက်ပါက လုပ်ငန်း ပြီးမြောက် အောင်မြင်ရေးကို ကိုယ်တော် တာဝန်ယူတော်မူ၏။ ကျွန်ုပ်တို့သည် ရိုးသားစွာ အားထုတ်ကြိုးစားပါက မည်သို့မည်ပုံ အောင်မြင်လိမ့်မည်ကို ကြိုတင်မှန်းဆထားရန် ကိုယ်တော်ရှင် အလိုတော် မရှိပါ။ ဆုံးရှုံးလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် ကျွန်ုပ်တို့ မစဉ်းစားသင့်ပါ။ မအောင်မြင်သည်ဟူ၍ မည်သည့်အခါမျှ မရှိသော အရှင် နှင့် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ရကြပါမည်။COLB 460.1

    ကျွန်ုပ်တို့၏ အားနည်းခြင်းများ၊ မစွမ်းဆောင်နိုင်ခြင်းများ အကြောင်းကို မည်သည့်အခါ၌မျှ မပြောဆို မဆွေးနွေးသင့်ပါ။ ယင်းသို့ပြုလျှင် ကျွန်ုပ်တို့သည် ဘုရားရှင်ကို မယုံကြည် မကိုးစားသည့်ပြင် နှုတ်ကပါတ် တရားတော်ကိုလည်း ငြင်းပယ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် စေခိုင်းတော်မူသည့် တာဝန်ကို လေးလံသည်ဟု ညည်းညူလျှင်၊ သို့မဟုတ် ယင်း တာဝန်ကို ငြင်းပယ်လျှင် ကျွန်ုပ်တို့သည် ကိုယ်တော်အား ခဲယဉ်းသော သခင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ ကျွန်ုပ်တို့အား စွမ်းအား မပေးဘဲ တာဝန်ပေးတော်မူသည်ဟူ၍ လည်းကောင်း စွပ်စွဲနေခြင်းပင် ဖြစ်ပါသည်။COLB 460.2

    ပျင်းရိသော ကျွန်၏ စိတ်နေသဘောထားမျိုးကို ရိုးဖြောင့်သည်ဟူ၍ ကျွန်ုပ်တို့ မကြာခဏ စေတနာအလျောက် ခေါ်ဆိုတတ်ကြပါသည်။ သို့ သော် စစ်မှန်သော ရိုးဖြောင့်ခြင်းမှာ ပျင်းရိခြင်းနှင့် များစွာပင် ကွာခြားပါသည်။ အသိဉာဏ် သိမ်ဖျင်းနေသည်ကို လည်းကောင်း၊ စိတ်အားထက်သန်မှု ယုတ်လျော့နေသည်ကို လည်းကောင်း၊ စိတ်သဘောထား ရိုးသည်၊ စိတ်နှိမ့်ချသည်ဟူ၍ မခေါ်ဆိုနိုင်ပါ။ ထိုမျှမက ကြောက်တတ်လျှင် ဝန်ကင်းသည်ဟု သဘောထား၍ အောင်မြင်စွာ မဆောင်ရွက်နိုင်မည်ကို စိုးရိမ်သောကြောင့် တာဝန်ကို လွှဲရှောင်ခြင်းဖြင့်လည်း အသက်တာတွင် သူရဲဘော နည်းနေသူများ မဖြစ်သင့်ပါ။ စစ်မှန်သည့် ရိုးသား နှိမ့်ချသော သဘောရှိသူသည် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် စီမံတော်မူသည့်အတိုင်း ကျေပွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ပေလိမ့်မည်။COLB 460.3

    ဘုရားသခင်သည် အလိုရှိတော်မူသောအားဖြင့် အမှုတော်ကို ဆောင်ရွက်တော်မူ၏။ တစ်ခါတစ်ရံ ကိုယ်တော်သည် အကြီးမြတ်ဆုံးသော လုပ်ငန်း တစ်ခုကို ဆောင်ရွက်ရန် အနိမ့်ကျဆုံးသော သူကို ရွေးချယ်တော်မူခြင်းဖြင့် ကိုယ်တော်၏ တန်ခိုးတော်ကို အားနည်းသော သူ အားဖြင့် ဖေါ်ညွှန်းတော်မူ၏။ ကျွန်ုပ်တို့တွင် စံနှုန်း တစ်ခု ရှိသည် ဖြစ်ရာ ယင်း စံနှုန်းအားဖြင့် အရာ တစ်ခုကို ကြီးသည်ဟူ၍ လည်းကောင်း၊ အခြား တစ်ခုကို ငယ်သည်ဟူ၍ လည်းကောင်း တိုင်းထွာတတ်ကြပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကဲ့သို့ ခန့်မှန်းတော်မူသည် မဟုတ်ပါ။ ကျွန်ုပ်တို့အတွက် ကြီးမားသော အရာသည် ဘုရားသခင်အတွက် ကြီးမားလိမ့်မည်ဟူ၍ လည်းကောင်း၊ ကျွန်ုပ်တို့အတွက် သေးငယ်သော အရာသည် ဘုရားသခင်အတွက် သေးငယ်လိမ့်မည်ဟူ၍ လည်းကောင်း ကျွန်ုပ်တို့ မထင်မမှတ်သင့်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သတ္တိကို ကျွန်ုပ်တို့ ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ ကျွန်ုပ်တို့ ဆောင်ရွက်ရန် အမှုတော်ကိုလည်း ကျွန်ုပ်တို့ ရွေးချယ်ပိုင်ခွင့် မရှိပါ။ ဘုရားသခင် စီမံခန့်ခွဲတော်မူသည့် တာဝန်များကိုသာ ထမ်းဆောင်ရပါမည်။ ကိုယ်တော်အတွက် သယ်ပိုးထမ်းရွက်ရပါမည်၊ သက်သာခွင့် နှင့် နားနေခွင့် ရရန် ကိုယ်တော်ရှင်ထံ အမြဲတစေ ချဉ်းကပ်ရပါမည်။ ကျွန်ုပ်တို့၏ လုပ်ငန်းသည် မည်သည့် လုပ်ငန်းမျိုးပင် ဖြစ်စေကာမူ စိတ်နှလုံး အကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းစွာဖြင့် အမှုတော်ကို ထမ်းဆောင်လျှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် နှင့် အတူ ပူးပေါင်း လုပ်ဆောင်ရန် ထိုက်တန်သော သူများ ဖြစ်သည်ကို အားရဝမ်းမြောက်၍ ကျေးဇူးတရား သိတတ်စွာဖြင့် တာဝန်ဝတ္တရာများကို ထမ်းရွက်လျှင် ကိုယ်တော်ရှင် နှစ်သက် ကျေနပ်တော်မူ၏။COLB 461.1

    Larger font
    Smaller font
    Copy
    Print
    Contents