Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်၏ ဆုံးမခြင်းတွင် သခင်ခရစ်တော်၏ နည်းလမ်း။

    မှားယွင်းသော အသင်းသားများကို ပြုပြင်ရာ၌ ဘုရားသခင်၏ လူတို့သည် မဿဲခရစ်ဝင်၊ အခန်းကြီး ဆယ့်ရှစ်တွင် ကယ်တင်ရှင်က ဖော်ပြထားတော်မူသော သွန်သင်ချက်တို့ကို သေချာစွာ လိုက်နာရကြမည်။CCB1 241.1

    အကန့်အသတ် မရှိသော အဖိုးနှင့် ကိုယ်တော်က ဝယ်ယူထားတော်မူသဖြင့်၊ လူသတ္တဝါတို့သည် ကိုယ်တော် ဥစ္စာ ဖြစ်လျက် ကိုယ်တော် နှင့် ခမည်းတော်က ဖော်ပြတော်မူခဲ့သော မေတ္တာတော်အားဖြင့် သူတို့သည် ကိုယ်တော်၌ ချည်နှောင်ထားလျက် ရှိကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အချင်းချင်းကို ပြုမူရာ၌ မည်မျှ သတိထားဖို့ သင့်သနည်း။ လူသည် မိမိတို့ အချင်းချင်းနှင့် သက်ဆိုင်၍ မကောင်းသော ထင်မြင်ချက်များ မရှိသင့်။ မှားယွင်းသော အသင်းသား အချင်းချင်းကို ပြုမူရာတွင် အသင်းတော်သားတို့သည် မိမိတို့၏ စိတ်ဆန္ဒ၊ မိမိတို့ စိတ်က တိုက်တွန်းချက်အတိုင်း၊ မပြုသင့်။ မှားယွင်းသော သူနှင့် ဆိုင်၍ သူတို့သည် ငြူစူသော စကားများကိုပင် မပြောအပ်။ အကြောင်းမူကား ထိုသို့အားဖြင့် အခြားသူတို့၏ စိတ်ထဲ၌ မကောင်းသော အရာကို တဆေးကဲ့သို့ တိုးပွားစေတတ်၏။ ညီအစ်ကို မောင်နှမ တစ်ယောက်ယောက်အား မနှစ်သက်စေသော စကားများကို အသင်းတော်၌ တစ်ယောက်မှ တစ်ယောက်သို့ ဆက်ခါဆက်ခါ ပြောဆိုတတ်ကြ၏။ တစ်စုံတစ်ယောက်သော သူသည် သခင် ယေရှု ပေးတော်မူသော ညွှန်ကြားချက်တို့ကို မလိုက်နာသောကြောင့်၊ အမှားများ နှင့် မတရားသော အမှုကို ပြုလုပ်တတ်ကြသည်။CCB1 241.2

    “သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင်၊ သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကို ပြ၍ ဆုံးမလော့။” ဟု သခင်ခရစ်တော်က မိန့်တော်မူ။ မဿဲ၊ ၁၈: ၁၅။ အခြားသူအား မှားယွင်းခြင်းကို ပြောမပြနှင့်။ လူတစ်ယောက်အား ပြောလိုက်သောအခါ၊ အခြား တစ်ယောက်ကို ပြောပြန်၏၊ တစ်ဖန် အခြား တစ်ယောက်ကို ဆက်လက် ပြောပြန်သေး၏။ ထိုနည်းအားဖြင့် သတင်းစကားကို ဆက်ခါဆက်ခါ ပြောကြသဖြင့်၊ မကောင်းသော စကားသည် ပွားသွား၍ အဆုံးတွင် အသင်းတော်က တစ်ခုလုံး၌ ဒုက္ခရောက်ရ၏။ ကိစ္စကို “နှစ်ယောက်တည်းချင်း” ဆုံးဖြတ်လော့။ ဤနည်းသည် ဘုရားသခင်၏ နည်း ဖြစ်သည်။ “အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။ သင်သည် အိမ်နီးချင်းနှင့် ကိုယ့်အမှုကို ဆွေးနွေးလော့။ ဝှက်ထားအပ်သော အမှုအရာကို သူတစ်ပါးအား ထုတ်မပြနှင့်။” သုတ္တံ၊ ၂၅: ၈၊ ၉။ သင့် ညီအစ်ကို အပေါ်သို့ အပြစ် မရောက်ပါစေနှင့်။ သို့သော် သူ့အကြောင်းကို မဖော်ပြနှင့်၊ ထိုသို့ ပြုလျှင် အခက်အခဲကို တိုးပွားစေ၍ ဆုံးမသွန်သင်ခြင်းကို ဂလဲ့စားချေခြင်းကဲ့သို့ ထင်မှတ်စေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသော နည်းအတိုင်း ပြုပြင်ဆုံးမပါ။ CCB1 242.1

    နာကြည်းသော စိတ်ကို ရန်ငြိုးထားသော စိတ်ဖြစ်လာအောင် မပြုလုပ်ပါနှင့်။ အနာကို ပြည်တည်နေစေပြီး အဆိပ် ဖြစ်သော စကားများဖြင့် ပေါက်ကွဲသွားအောင် မပြုလုပ်နှင့်။ ထိုစကားများသည် ကြားရသော သူတို့၏ စိတ်ကို ညစ်ညူးစေလိမ့်မည်။ စိတ်နာစရာကောင်းသော အကြံအစည်များကို သင်၏ စိတ် နှင့် သူ၏ စိတ်ထဲတွင် ပြည့်မနေစေပါနှင့်။ သင်၏ ညီအစ်ကိုထံသို့ သွား၍ နှိမ့်ချခြင်း၊ ရိုးသားခြင်း နှင့် ကိစ္စ အကြောင်းကို ဆွေးနွေး ပြောဆိုလော့။CCB1 242.2

    မှားယွင်းသော အပြစ်သည် မည်ကဲ့သို့သော သဘောမျိုးပင် ဖြစ်သော်လည်း၊ သဘောကွဲလွဲမှု နှင့် အချင်းချင်း အပေါ်၌ ထိခိုက်နာကျင်မှုကို ဆုံးဖြတ်ရာတွင် ဘုရားသခင် စီမံထားတော်မူသော နည်းလမ်းကို မပြောင်းလဲရ။ တစ် ယောက်တည်း အပြစ်ရှိသော သူအား သခင်ခရစ်တော်၏ သဘောမျိုးနှင့် ပြောဆို ဆွေးနွေးလျှင်၊ မကြာခဏ အခက်အခဲများကို ပယ်ရှားလိမ့်မည်။ သခင်ခရစ်တော်၏ မေတ္တာနှင့် ထောက်ထားခြင်းမျိုး ရှိသော စိတ်နှလုံး နှင့် မှားယွင်းသော သူထံသို့ သွား၍ ထိုကိစ္စကို ပြုပြင်ရန် ကြိုးစားလော့။ တိတ်ဆိတ် ငြိမ်သက်စွာ သူနှင့် ဆွေးနွေးလော့။ သင်၏ နှုတ်မှ ဒေါသ ပါသော စကားများကို ထွက်မလာပါစေနှင့်။ သူသည် သာ၍ ကောင်းစွာ ဝေဖန် ဆုံးဖြတ်နိုင်လောက်အောင် သူ့စိတ်နှင့် တွေ့သော နည်းဖြင့် ပြောဆိုပါ။ “အပြစ် ရှိသော သူကို မှားယွင်းသော လမ်းမှ ပြန်စေသော သူသည် ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်သည်” ဟူသော စကားများကို သတိပြုပါ။ ယာကုပ်၊ ၅: ၂၀။CCB1 242.3

    မေတ္တာပျက်ခြင်း ရောဂါကို ကုသရန် ဆေးကို သင်၏ ညီအစ်ကိုထံ ယူဆောင်သွားပါ။ သူ့ကို ကူညီရန် သင့် တာဝန်ကို ဆောင်ရွက်ပါ။ အသင်းတော်၏ ငြိမ်သက်ခြင်း နှင့် စည်းလုံး ညီညွတ်ခြင်းအတွက် ဤအမှုကို အခွင့်အရေး တစ်ခု အပြင် တာဝန် တစ်ခု အဖြစ်နှင့် ဆောင်ရွက်ပါ။ သူသည် သင်၏ စကားကို နားထောင်လျှင်၊ သင်သည် သူ့ကို မိတ်ဆွေ အဖြစ်နှင့် ရရှိလေပြီ။CCB1 243.1

    အနာခံရသော သူ နှင့် မှားယွင်းသော သူတို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးခြင်း အမှုကို ကောင်းကင် တစ်ဝှမ်းလုံးက စိတ်ပါဝင်စားလျက် ရှိ၏။ မှားယွင်းသော သူသည် သခင်ခရစ်တော်၏ မေတ္တာနှင့် သွန်သင် ဆုံးမသည်ကို လက်ခံ၍ မိမိ၏ အမှားကို ဝန်ခံပြီး ဘုရားသခင်ထံမှ လည်းကောင်း၊ မိမိ ညီအစ်ကိုထံမှ လည်းကောင်း အပြစ်လွှတ်ရန် တောင်းပန်သောအခါ၊ ကောင်းကင်မှ နေရာင်ခြည် အလင်းသည် သူ၏ စိတ်နှလုံးထဲ၌ ပြည့်လာ၏။ တိုက်လှန်ပွဲသည် ပြီးဆုံးသွား၏။ ပြန်၍ မိတ်ဆွေ ဖြစ်လျက် ယုံကြည်အားထားမှုသည် ပြန်၍ တည်ရှိလာ၏။ အမှားအားဖြင့် ဖြစ်စေသော နာကျင်ခြင်းကို မေတ္တာတည်းဟူသော ဆီသည် ပယ်ရှားလေပြီ။ ဘုရားသခင်၏ ဝိညာဉ်သည် စိတ်နှလုံး တစ်ခု နှင့် တစ်ခုကို ချည်နှောင် ပူးပေါင်းပေး၍ ထိုသို့ ဖြစ်လာသော ပူးပေါင်းခြင်းအတွက် ကောင်းကင်တွင် သီချင်းသံကို ကြားရလေ၏။CCB1 243.2

    ထိုသို့ ခရစ်ယာန် ဆက်ဆံခြင်းတွင် ပူးပေါင်းကြသော သူတို့သည် ဖြောင့်မှန်စွာ ပြုရန်၊ ကရုဏာကို နှစ်သက်ရန်၊ ဘုရားသခင်နှင့် နှိမ့်ချစွာ သွားလာ ရန် ဘုရားသခင်အား ဆုတောင်း၍ မိမိတို့ ကိုယ်တိုင် ဂတိသစ္စာ ပြုကြသောအခါ၊ ကြီးစွာသော ကောင်းကြီးမင်္ဂလာသည် သူတို့ အပေါ်သို့ သက်ရောက်လာ၏။ သူတို့သည် အခြားသော သူတို့ကို ပြစ်မှားကြလျှင်၊ သူတို့သည် နောင်တရခြင်း၊ ဝန်ချ တောင်းပန်ခြင်း၊ အချင်းချင်း ပြန်၍ သင့်တင့်ခြင်း အမှုကို ဆက်လက် ပြုကြလျက် တစ်ယောက် ကောင်းကျိုးကို တစ်ယောက် လုံးလုံး ရှာကြံကြလိမ့်မည်။ ဤအရာသည် သခင်ခရစ်တော်၏ တရားတော်ကို ပြည့်စုံစေခြင်း ဖြစ်၏။CCB1 243.3

    သို့မဟုတ် သင်၏ စကားကို နားမထောင်လျှင်၊ လူ နှစ်ဦး သုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှါ ကိုယ်နှင့် အတူ လူ တစ်ဦး နှစ်ဦးကို ခေါ်ဦးလော့။ မဿဲ၊ ၁၈: ၁၆။ သင်နှင့် အတူ ဝိညာဉ်ရေး၌ စိတ်အားထက်သန်သော သူတို့ကို ခေါ်သွားပြီး မှားယွင်းသော သူနှင့် သူ၏ အမှား အကြောင်းကို ပြောပြလော့။ ညီအစ်ကိုများက ပူးပေါင်း၌ တောင်းပန် ပြောဆိုသည်ကို သူသည် လိုက်နာကောင်း လိုက်နာလိမ့်မည်။ အမှုကိစ္စ၌ သူတို့၏ သဘောတူချက်ကို တွေ့ရသောအခါ၊ သူ၏ စိတ်သည် အလင်းရလာလိမ့်မည်။CCB1 244.1

    “ထိုသူတို့၏ စကားကို နားမထောင်လျှင်၊” မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ လူ အနည်းငယ် ပါဝင်သော စည်းဝေးတွင် မှားယွင်းသော သူအား အသင်းတော်မှ ထုတ်ထားရန် ထိုသူတို့က တာဝန်ခံလျက် ဆွေးနွေးရမည်။ “ထိုသူတို့၏ စကားကို နားမထောင်လျှင်၊ အသင်းတော်အား ကြားပြောလော့။” ငယ်၊ ၁၇။ အသင်းတော်သည် အသင်းသားတို့နှင့် ဆိုင်သော အမှုကို အရေးယူ ဆွေးနွေးပါစေ။CCB1 244.2

    အသင်းတော်၏ စကားကို နားမထောင်လျှင်၊ သာသနာပ လူကဲ့သို့ လည်းကောင်း၊ အခွန်ခံကဲ့သို့ လည်းကောင်း ထိုသူကို မှတ်လော့။” ငယ်၊ ၁၇။ သူသည် အသင်းတော်၏ စကားကို နားမထောင်၊ သူ့အား အသင်းတော်မှ ပယ်ထားရန် တာဝန်သည် အသင်းတော် အပေါ်၌ တည်ရှိ၏။ ထိုအခါ သူ၏ နာမည်စာရင်းမှ ပယ်ရှားထားရမည်။ 47T 260-262;CCB1 244.3