Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆုတောင်းခြင်းကို နားညောင်းတော်မူစေရန လိုက်နာအပ်သော စည်းကမ်းများ။

    ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာကျင့်ဆောင်နေကြသော အခါ၌သာ၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဂတိတော်များကို ပြည့်စုံစေဖို့ တောင်းဆိုနိုင်ကြသည်။ ဆာလံဆရာက၊ “ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ” (ဆာ၊ ၆၆: ၁၈။) ဟု ဖော်ပြထား၏။ ကျွန်ုပ်တို့သည် ထက်ဝက်သာ စိတ်ပါသော သဘော နှင့် နားထောင် လိုက်နာကြလျှင်၊ ကျွန်ုပ်တို့၌ ကိုယ်တော်၏ ဂတိတော်သည် ပြည့်စုံလိမ့်မည် မဟုတ်။CCB2 298.1

    ဘုရားသခင်၏ နှုတ်ကပတ်တော်၌ လူနာများအား ကျန်းမာ ချမ်းသာစေဖို့အတွက် ထူးခြားစွာ ဆုတောင်းခြင်း အကြောင်းနှင့် ပတ်သက်၍ သွန်သင်ချက်များကို ကျွန်ုပ်တို့အား ဖော်ပြထားပါသည်၊ သို့ရာတွင် ထိုဆုတောင်း ခြင်းသည် အလွန် ကြည်ညိုဖွယ် ကောင်းသော အမှု ဖြစ်၍ သေချာစွာ ဆင်ခြင် စဉ်းစားခြင်း မရှိဘဲ မပြုလုပ်သင့်ပေ။ လူနာအား ချမ်းသာစေရန် ဆုတောင်းကြသော အမှုကိစ္စ အများတွင် ယုံကြည်ခြင်းဟု ခေါ်နေသော အရာမှာ စိတ်အထက်မျှသာ ဖြစ်၏။CCB2 298.2

    များစွာသော သူတို့သည် မိမိတို့ အလိုသို့ လိုက်စားခြင်းဖြင့် မိမိတို့၌ ရောဂါဝေဒနာများကို သက်ရောက်စေ၏။ သူတို့သည် သဘာဝတရား သို့မဟုတ် သေချာစွာ သန့်ရှင်းခြင်းနှင့် ဆိုင်ရာ အခြေခံ စည်းကမ်း ဥပဒေများနှင့် ညီညွတ်စွာ မနေထိုင်ကြချေ။ အခြားသော သူတို့သည် အစားအသောက် အဝတ်အထည်၊ အလုပ်အကိုင်တို့နှင့် ဆိုင်သော အလေ့အကျင့်တို့တွင် ကျန်းမာခြင်း စည်းကမ်း ဥပဒေများကို ဂရုမစိုက်ဘဲ နေခဲ့ကြပြီ။ မကြာခဏ ဆိုးသွမ်းသော အမှု တစ်စုံတစ်မျိုးကြောင့် စိတ် သို့မဟုတ် ကိုယ်ခန္ဓာ၌ အားနည်းခြင်းကို ဖြစ်စေ၏။ ဤ လူများတို့သည် ကျန်းမာခြင်း တည်းဟူသော ကောင်းကြီးမင်္ဂလာကို ခံစားနေရကြလျှင် အများသော သူတို့သည် ဘုရားသခင်၏ သဘာဝတရား နှင့် ဝိညာဉ်ရေး တရားများကို သတိမမူဘဲ ကျူးလွန်နေခြင်း အမှုကိုပင် ဆက်လက် ပြုကျင့်နေကြပြီးလျှင်၊ ဘုရားသခင်သည် ဆုတောင်းခြင်းကို နားညောင်းတော်မူလျက် မိမိတို့အား ကျန်းမာ ချမ်းသာစေတော်မူခဲ့လျှင်၊ ကျန်းမာခြင်းနှင့် မညီညွတ်သော အလေ့အကျင့်များကို ဆက်လက် ပြုကျင့်၍ တားဆီး ကန့်ကွက်ခြင်း မပြုရဘဲ လွဲမှားသော အစားအသောက်တို့ကို သုံးဆောင်နေဖို့ မိမိတို့၌ အခွင့်အရေး ရှိသည်ဟု ဆင်ခြေပေးတတ်ကြသည်။ ဘုရားသခင်သည် ဤ လူများအား ကျန်းမာလာပြန်စေရန် နိမိတ်လက္ခဏာကို ပြုတော်မူရလျှင်၊ ဘုရားသခင်သည် အပြစ်ကို အားပေးနေတော်မူရာ ရောက်လိမ့်မည်။CCB2 299.1

    ကျန်းမာခြင်းနှင့် မညီညွတ်သော အလေ့အကျင့်တို့ကို စွန့်ပယ်ထားရန်လည်း လူတို့အား သွန်သင်ပေးခြင်း မပြုခဲ့လျှင်၊ ဘုရားသခင်အား မိမိတို့၏ ရောဂါဝေဒနာများကို ချမ်းသာပေးတော်မူသော အရှင် အဖြစ် အားကိုးအားထားပြုရန် သွန်သင်ပေးခြင်းသသည် အကျိုးမရှိ ဆုံးရှုံးသော အလုပ် ဖြစ်သည်။ ဆုတောင်းခြင်းကို နားညောင်းတော်မူလျက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားနိုင်မည် အကြောင်း၊ သူတို့သည် ဆိုးသော အမှုတို့ကို မပြုတော့ဘဲ ရပ်စဲ ထားလျက် ကောင်းသော အမှုကို ပြုရန် လေ့လာရကြမည်။ သူတို့၏ ပတ်ဝန်းကျင်သည် သန့်ရှင်းစင်ကြယ်ခြင်း ရှိရမည်။ သူတို့ အသက်တာ၏ အကျင့်ဓလေ့များကို ပြုပြင်ပေးရမည်။ သူတို့သည် ဘုရားသခင်၏ သဘာဝတရား၊ ဝိညာဉ်ရေးတရား နှစ်ခုစလုံးနှင့် ညီညွတ်စွာ နေထိုင် ပြုမူရမည်။CCB2 299.2

    ကျန်းမာခြင်းကို ပြန်၍ ရရှိရန်အတွက် ဆုတောင်းလိုသော သူတို့အား ဘုရားသခင်၏ သဘာဝတရား သို့မဟုတ် ဝိညာဉ်ရေးတရားကို လွန်ကျူးခြင်းသည် အပြစ် ဖြစ်သည်ကို လည်းကောင်း၊ သူတို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရကြမည် အကြောင်း၊ သူတို့သည် အပြစ်ကို ဝန်ချ တောင်းပန်၍ စွန့်ပစ်ရမည်။CCB2 300.1

    “အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ် အပြစ်ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့” ဟု ကျွန်ုပ်တို့အား ကျမ်းစာက မှာထားတော်မူ၏။ (ယာ၊ ၅: ၁၆) ဆုတောင်းခြင်းငှါ အလိုရှိသော သူအား၊ ဤ အကြံအစည်မျိုးကို ပေးလော့။ “ကျွန်ုပ်တို့သည် စိတ်နှလုံး သဘောကို မသိနိုင်။ သို့မဟုတ် သင့် အသက်တာ၏ လျှို့ဝှက်ချက်များကိုလည်း မသိနိုင်၊ ဤ အရာများကို သင့် ကိုယ်တိုင် နှင့် ဘုရားသခင်သာ သိရှိ၏။ သင်၏ အပြစ်ကို မြင်၍ နောင်တရလျှင်၊ ၎င်းတို့ကို ဝန်ချ တောင်းပန်ရန် သင်၏ တာဝန် ဖြစ်သည်။” လျှို့ဝှက်သော သဘော သက်ဝင်သည့် အပြစ်ကို ဘုရားသခင် နှင့် လူစပ်ကြားတွင် တစ်ဦးတည်းသော ဖြန်ဖြေသူ၊ သခင်ခရစ်တော်အား ဝန်ချ တောင်းပန်ရမည်။ အကြောင်းမူကား၊ “တစ်စုံတစ်ယောက်သော သူသည် ဒုစရိုက်ကို ပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ် တည်းဟူသော ငါတို့ အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။” (၁ ယော၊ ၂: ၁။) အပြစ်တိုင်းသည် ဘုရားသခင်ကို ပြစ်မှားသော အရာများ ဖြစ်၍ သခင်ခရစ်တော်အားဖြင့် ဘုရားသခင်အား ဝန်ချ တောင်းပန်ရမည်။ ထင်ရှားသော အပြစ်များကို ထင်ရှားစွာ ဝန်ချ တောင်းပန်ရမည်။ တစ်စုံတစ်ယောက်အား ပြုမိသော အမှားကို ပြစ်မှားခဲ့သော သူအား ဝန်ချ တောင်းပန်၍ အချင်းချင်း ပြေငြိမ်းအောင် ပြုရမည်၊ ကျန်းမာခြင်းကို ရှာကြံနေသော သူ တစ်စုံတစ်ယောက်သည် မသင့်တော်သော စကားကို ပြောမိ၍ အပြစ်သင့်လျှင်၊ အိမ်နှင့် လည်းကောင်း၊ အိမ်နီးချင်းတို့တွင် လည်းကောင်း၊ အသင်းတော်၌ လည်းကောင်း စိတ် ဝမ်းကွဲပြားစေသော အမှုကို ပြုလုပ်ခဲ့၍ လူများတို့ အထဲတွင် ငြင်းခုံ ကွဲပြားခြင်း၊ မသင့်မတင့်ခြင်း အမှုများ ဖြစ်လာအောင် နှိုးဆော်ခဲ့လျှင်၊ မှားသော အကျင့်ဓလေ့ တစ်စုံတစ်ခုအားဖြင့် အခြားသူအား အပြစ် ပြုစေခဲ့လျှင်၊ ဤ အရာများကို ဘုရားသခင် ရှေ့ နှင့် ပြစ်မှားမိသော သူတို့ ရှေ့တွင် ဖော်ပြ ဝန်ချရမည်။ “ကိုယ် အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။” (၁ ယော၊ ၁: ၉။)CCB2 300.2

    အမှားကို ပြုပြင်ပြီးသောအခါ၊ နာဖျားသော သူ အလိုရှိသော အရာများကို တည်ငြိမ်သော ယုံကြည်ခြင်းမျိုးဖြင့် သခင်ဘုရားအား ကျွန်ုပ်တို့က ဖော်ပြရကြမည်။ ကိုယ်တော်သည် လူ အသီးအသီးတို့ကို အမည်အားဖြင့် သိရှိတော်မူသဖြင့်၊ မိမိ၏ ချစ်ခင်တော်မူသော သားတော်ကို ပေးတော်မူခြင်း ခံရသော သူသည် မြေကြီးပေါ်၌ အခြားသူ မရှိသကဲ့သို့ အသီးအသီးတို့အတွက် စောင့်ရှောက် ကြည့်ရှုတော်မူ၏။ ဘုရားသခင်၏ မေတ္တာတော်သည် အလွန် ကြီးမြတ်၍ အလွန် မပျက်ကွက်နိုင်သောကြောင့်၊ လူနာအား ဘုရားသခင်ကို အားကိုး၍ ဝမ်းမြောက်ခြင်း ရှိစေရန် တိုက်တွန်း အားပေးရမည်။ မိမိတို့ ကိုယ်တိုင်အတွက် စိုးရိမ်ပူပန်ခြင်းသည် အားနည်းခြင်း နှင့် ရောဂါဝေဒနာကို ဖြစ်စေ၏ သူတို့သည် စိတ်ပျက် ဝမ်းနည်းခြင်းတို့ကို ပယ်ရှားထားကြမည် ဆိုလျှင်၊ သာ၍ မြန်မြန် ကျမ်းမာလာရန် သူတို့ကို မျှော်လင့်ချက် ရှိနိုင်သည်။ “ကရုဏာတော်ကို ခိုလုံသောသူတို့ကို ထာဝရဘုရားသည် ကြည့်ရှုတော်မူ၏”(ဆာလံ၊ ၃၃:၁၈။)CCB2 301.1

    ဖျားနာသူတို့အတွက် ဆုတောင်းပေးရာတွင်၊ “ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။” (ရော၊ ၈: ၂၆။) ဟူသော အချက်ကို သတိရသင့်ကြသည်၊ ကျွန်ုပ်တို့ အလိုရှိနေသော ကောင်းကြီးမင်္ဂလာသည် အကောင်းဆုံး ဖြစ်မည် မဖြစ်မည်ကို ကျွန်ုပ်တို့ မသိကြ။ ထိုကြောင့် ကျွန်ုပ်တို့ ဆုတောင်းကြသောအခါ ဤ သဘောမျိုး ပါဝင်ရမည်။ “ထာဝရဘုရား၊ ကိုယ်တော်သည် ဝိညာဉ်၏ လျှို့ဝှက်သော အရာတိုင်းကို သိရှိတော်မူ၏။ ကိုယ်တော်သည် ဤ လူတို့ အကြောင်းကို သိကျွမ်းတော်မူ၏။ သူတို့၏ အမှုဆောင်၊ သခင်ယေရှုသည် သူတို့အတွက် မိမိ၏ အသက်ကို စွန့်တော်မူ၏။ သူတို့ အပေါ်၌ ထားတော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် ကျွန်ုပ်တို့က တတ်နိုင်သမျှထားသော မေတ္တာထက် သာ၍ ကြီးမြတ်ပါ၏။ ထိုကြောင့်၊ ကိုယ်တော်၏ ဘုန်းတော် ထင်ရှားစေဖို့ နှင့် ဆင်းရဲခြင်းကို ခံရသော လူ၏ ကောင်းကျိုးအတွက် ဖြစ်ပါလျှင်၊ သခင်ယေရှု၏ နာမတော်၌ သူတို့အား ပြန်၍ ကျန်းမာလာစေမည် အကြောင်း ကျွန်ုပ်တို့ တောင်းလျှောက်ပါ၏။ သူတို့သည် ပြန်၍ ကျန်းမာလာစေဖို့ ကိုယ်တော်သည် အလိုရှိတော်မမူပါလျှင်၊ ကိုယ်တော်၏ ကျေးဇူးတော်သည် သူတို့၏ ဒုက္ခဆင်းရဲခြင်းတွင် သက်သာခြင်း ရ၍ ကိုယ်တော်သည် သူတို့ နှင့်အတူ ရှိတော်မူခြင်းဖြင့် သူတို့၏ ဝေဒနာများတွင် ထောက်မတော်မူမည်အကြောင်း တောင်းလျှောက်ပါ၏။”CCB2 301.2

    ဘုရားသခင်သည် အစမှ အဆုံးတိုင်အောင် ရှိတော်မူ၏။ ဘုရားသခင်သည် လူအပေါင်းတို့၏ စိတ်သဘောကို ကောင်းစွာ ကျွမ်းကျင် သိရှိတော်မူ၏။ ဝိညာဉ်တို့၏ လျှို့ဝှက်ချက် ရှိသမျှကို ကိုယ်တော်သည် သိမြင်တော်မူ၏။ မမာသော သူတို့အတွက် ဆုတောင်းပေးကြရာတွင်၊ ထိုမမာသော သူတို့သည် အသက်ရှင်နေရလျှင် သူတို့ အပေါ်၌ ရောက်သော စုံစမ်းခြင်းကို ခံနိုင်မည်၊ မခံနိုင်မည်ကို ဘုရားသခင်သည် သိမြင်တော်မူ၏။ သူတို့၏ အသက်တာသည် မိမိတို့ ကိုယ်တိုင် နှင့် လောကအတွက် ကောင်းကြီးမင်္ဂလာ ဖြစ်စေမည် သို့မဟုတ် ကျိန်ခြင်း ဖြစ်စေမည်ကို ဘုရားသခင်သည် သိမြင်တော်မူ၏။ ထိုအကြောင်းကြောင့်၊ ကျွန်ုပ်တို့သည် စိတ်အားကြီးစွာ ဆုတောင်းနေကြစဉ်၊ “သို့သော်လည်း၊ အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော (လု၊ ၂၂: ၄၂။) ဟု ကျွန်ုပ်တို့သည် ပြောဆိုရကြမည်။ သခင်ယေရှုသည် ဂေသရှေမန်ဥယျာဉ်၌၊ “အကျွန်ုပ် အဘ၊ ဤ ခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” (မ၊ ၂၆: ၃၉။) ဟု တောင်းပန်သောအခါ၊ ဘုရားသခင်၏ ဉာဏ်ပညာတော် နှင့် အလိုတော်ကို ဤ စကားများဖြင့် ထပ်မံ ဝန်ခံတော်မူ၏။ ဤ စကားတို့သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသော ကိုယ်တော်အဖို့ သင့်တော်လျှင်၊ ကန့်သတ်ထား၍ မှားယွင်းတတ်သော လူ၏ နှုတ်အတွက် ဤ စကားများသည် မည်မျှ တော်လျော်လိမ့်မည်နည်း။CCB2 302.1

    ညီညွတ်မျှတသော လမ်းကား၊ ကျွန်ုပ်တို့၏ အလိုဆန္ဒများကို အနန္တဉာဏ်တော်နှင့် ပြည့်စုံတော်မူသော ကောင်းကင်ခမည်းတော်အား အပ်နှံထားခြင်းတည်း။ ထိုနောက် ဘုရားသခင်၌ လုံးလုံး ယုံကြည်အားထားခြင်း ရှိရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ တောင်းလျှောက်ကြလျှင်၊ ဘုရားသခင်သည် နားညောင်းတော်မူကြောင်းကို ကျွန်ုပ်တို့ သိရှိကြ၏။ သို့ရာတွင် ဝန်ခံတတ်သော သဘောမပါဘဲ၊ ကျွန်ုပ်တို့သည် အတင်းအကြပ် တောင်းလျှောက်ခြင်းသည် မမှန်ချေ။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်း အမှုမှာ အမိန့်ပေးသော သဘော မဟုတ်ဘဲ၊ ကြားဖြန်ဖြေခြင်း သဘော သက်ဝင်ရမည်။CCB2 303.1

    ပြန်၍ ကျန်းမာ ချမ်းသာလာစေသော အမှုတွင် မိမိ၏ တန်ခိုးတော်အားဖြင့် အသေအချာ ပြုပြင်တော်မူသော အမှုများ ရှိပေသည်။ သို့ရာတွင် ဖျားနာသော သူအပေါင်းတို့သည် ကျန်းမာခြင်းသို့ ရောက်ရကြသည် မဟုတ်။ အများသော သူတို့သည် သခင်ခရစ်တော်၌ အိပ်ပျော်သွားရကြ၏။ ပတ်မုကျွန်းပေါ်၌ ယောဟန်အား ဤကဲ့သို့ ရေးထားစေတော်မူ၏။ “ယခုမှ စ၍ သခင်ဘုရား၌ သေသော သူတို့သည် မင်္ဂလာ ရှိကြ၏။ ဝိညာဉ်တော်ကလည်း ထိုသို့ မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည် အကြောင်း ရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့ နှင့်အတူ လိုက်ကြ၏။” (ဗျာ၊ ၁၄: ၁၃။) ဤ အချက်ကို ထောက်ခြင်းဖြင့်၊ လူများတို့သည် ကျန်းမာချမ်းသာခြင်းသို့ မရောက်သောကြောင့်၊ ယုံကြည်ခြင်း ကင်းမဲ့နေသည်ဟု မဆုံးဖြတ် အပ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်ရကြသည်။CCB2 303.2

    ကျွန်ုပ်တို့၏ ဆုတောင်းသံကို ချက်ချင်း တိုက်ရိုက် နားညောင်းတော်မူစေရန် ကျွန်ုပ်တို့ အလိုရှိကြသည်။ ၎င်းပြင် အဖြေကို နှောင့်နှေးနေသောအခါ၊ သို့မဟုတ် မိမိတို့ မမျှော်လင့်သော အခြေအနေမျိုးကို ရရှိသောအခါ၊ ကျွန်ုပ်တို့သည် စိတ်ပျက်တတ်ကြသည်။ သို့ရာတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ အလိုရှိကြသော အချိန်၊ အလိုရှိကြသော နည်းမျိုးဖြင့် ကျွန်ုပ်တို့၏ ဆုတောင်းသံကို နားညောင်းတော်မမူဘဲ နေသည်မှာ၊ အလွန် ပညာဉာဏ်နှင့် ပြည့်စုံ၍ အလွန် ကောင်းမြတ်တော်မူသောကြောင့် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ အလိုဆန္ဒ အပေါင်းကို ပြည့်စုံစေတော်မူသည်ထက် သာ၍ များပြား၊ သာ၍ ကောင်း သော အမှုကို ဘုရားသခင်သည် ပြုတော်မူလိမ့်မည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဉာဏ်ပညာတော် နှင့် မေတ္တာတော်ကို ယုံကြည် အားကိုးနိုင်သောကြောင့်၊ ဘုရားသခင်အား မိမိတို့၏ အလိုကို လိုက်လျောစေရန် မတောင်းလျှောက်ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအလိုတော်ကို ပြည့်စုံ ဖြစ်မြောက်စေဖို့ ကျွန်ုပ်တို့သည် ရှာကြံရကြမည်။ ကျွန်ုပ်တို့၏ အလိုဆန္ဒ နှင့် အကျိုးကျေးဇူးများကို ကိုယ်တော်၏ အလိုတော်၌ အရှုံးခံ နစ်မြှပ်သွားစေရမည်။ ယုံကြည်ခြင်းကို စုံစမ်းသော ဤ ဗဟုသုတများသည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဖြစ်ပေသည်။ ၎င်းဗဟုသုတများအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မှန်ကန်၍ ရိုးဖြောင့်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ အားထားနေသည်၊ သို့မဟုတ် အခြေအနေကို အမှီပြုလျက် ထိုယုံကြည်ခြင်းသည် မသေချာ၍ ပြောင်းလဲနေသည်ကို ထင်ရှားစေ၏။ အသုံးပြုခြင်းအားဖြင့် ယုံကြည်ခြင်းသည် ခိုင်ခံ့လာ၏။ ထာဝရဘုရားကို မျှော်လင့်နေသော သူတို့အတွက် ကျမ်းစာတွင် ဂတိတော်များ ရှိသည်ကို သတိရလျက်၊ ကျွန်ုပ်တို့၏ သည်းခံခြင်းဖြင့် စုံလင်သော အမှုကို ဖြစ်မြောက်ပါစေ။CCB2 303.3

    လူအပေါင်းတို့သည် ဤ အခြေခံ တရားများကို သိနားလည်ကြသည် မဟုတ်။ ထာဝရဘုရား၏ ကျန်းမာစေသော ကရုဏာတော်ကို ရှာသော သူ အများက၊ သူတို့၏ ဆုတောင်းသံကို ချက်ချင်း နှင့် တိုက်ရိုက် နားညောင်းတော်မူရမည်၊ သို့မဟုတ် သူ၏ ယုံကြည်ခြင်း အမှု၌ ချွတ်ယွင်းခြင်း ရှိနေသည်ဟု ထင်မှတ်တတ်ကြ သည်။ ဤ အကြောင်းကြောင့်၊ ရောဂါဝေဒနာအားဖြင့် အားနည်းသွားသော သူတို့သည် အမျှော်အမြင်နှင့် ပြုမူကြမည် အကြောင်း၊ သူတို့အား သတိပညာ နှင့် အကြံဉာဏ်ပေးလျက် သွန်သင်ရမည်။ အသက်ရှင်စရာ အကြောင်း ရှိသော မိမိတို့၏ မိတ်ဆွေများအား ပြုအပ်သော တာဝန်များကို သူတို့သည် ဂရုမစိုက်ဘဲ မနေအပ်။ သို့မဟုတ် ပြန်၍ ကျန်းမာလာစေရန်အတွက် သဘာဝက ပြုပြင်ပေးသော အရာများကို အသုံးပြုရန် မပေါ့လျော့သင့်ပေ။CCB2 304.1

    မကြာခဏ ဤ နေရာ၌ မှားတတ်သောကြောင့် စိုးရိမ်စရာ ရှိပေသည်။ ဆုတောင်းသံကို နားညောင်းသဖြင့် သူတို့သည် ကျန်းမာခြင်းသို့ ရောက်မည်ဟု ယုံကြည်လျက်၊ ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ဖော်ပြဟန် ရှိသော အမှု တစ် စုံတစ်ခု ပြုလုပ်ရန် အချို့တို့သည် စိုးရိမ်တတ်ကြသည်။ သို့ရာတွင် သူတို့သည် သေဆုံးခြင်းအားဖြင့် လောကမှ ရွှေ့ပြောင်းရကြမည်ဟု မျှော်လင့်ကြလျှင် မည်ကဲ့သို့ ပြုစေရန် သူတို့ အလိုရှိသကဲ့သို့ သူတို့၏ ကိစ္စများကို နေရာတကျ ပြုလုပ်နိုင်ရန် သူတို့သည် မလင်းဟင်းသင့်ချေ။ ခွဲခွာရမည် အချိန်တွင် မိမိတို့၏ ချစ်ခင်သူ ဆွေမျိုးများအား ပြောကြားလိုသော အားပေးစကား သို့မဟုတ် အကြံပေးစကားများကို ပြောဆိုရန် သူတို့သည် စိုးရိမ်ခြင်း မရှိရကြ။CCB2 304.2

    ဆုတောင်းခြင်းအားဖြင့် ကျန်းမာ ချမ်းသာခြင်းကို ဖြစ်စေရန် ရှာကြံနေသော သူတို့သည် မိမိတို့ လက်ထဲ၌ ရှိသော ကုသပြုစုပေးနိုင်သော အသုံးအဆောင် ဆေးဝါးတို့ကို အသုံးပြုရန် မပေါ့လျော့ပါနှင့်။ ဝေဒနာကို သက်သာစေလျက် ပြန်၍ ကျန်းမာလာစေသော အလုပ်တွင် သဘာဝကို အကူအညီ ဖြစ်စေရန် ဘုရားသခင် ချပေးထားတော်မူသောကြောင့်၊ ထိုသို့သော ဆေးဝါး၊ ကုသနည်းတို့ကို အသုံးပြုခြင်းသည် ယုံကြည်ခြင်းကို ငြင်းပယ်ခြင်း မဟုတ်။ ဘုရားသခင်နှင့် ကူညီ လုပ်ဆောင်၍ ကျန်းမာလာစေရန် အသင့်တော်ဆုံး အခြေအနေ၌ သူတို့ ကိုယ်တိုင်ကို ထားပေးခြင်းသည် ယုံကြည်ခြင်းကို ငြင်းပယ်ခြင်း မဟုတ်။ ကျွန်ုပ်တို့သည် အသက်တာ၏ သဘောတရားများကို သိကျွမ်း နားလည်နိုင်ရန် ဘုရားသခင်သည် ၎င်းကို ကျွန်ုပ်တို့၏ လက်၌ အပ်ထားတော်မူပြီ။ ဤ သိကျွမ်းခြင်း ပညာကို ကျွန်ုပ်တို့ အသုံးပြုဖို့ လက်လှမ်းမှီရာတွင် ထားတော်မူပြီ။ ကျွန်ုပ်တို့သည် ရနိုင်သော အခွင့်အရေးကို ယူပြီးလျှင် သဘာဝဓမ္မတရားများနှင့် ညီညွတ်စွာ ပြုမူလျက် ကျန်းမာခြင်းကို ပြန်ရရှိနိုင်ရန် လွယ်ကူစွာ ရရှိသော နည်း ရှိသမျှကို ကျွန်ုပ်တို့သည် အသုံးပြုရကြမည်။ လူနာများအား ကျန်းမာလာစေရန် ဆုတောင်းပြီးသောအခါ၊ အစွမ်းသတ္တိ ရှိသမျှ ပြုလုပ်လျက်၊ ဘုရားသခင် နှင့်အတူ ပါဝင် လုပ်ဆောင်ခွင့် ရရှိသည်ကို ကျေးဇူးတော် ချီးမွမ်း၍၊ ဘုရားသခင် စီမံ ချပေးတော်မူသော ကုသနည်းများကို ကောင်းကြီးပေးရန် တောင်းလျှောက်ရမည်။CCB2 305.1

    သဘာဝ ကုသနည်းတို့ကို အသုံးပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား အမိန့်ပေးထားပါသည်။ ဣသရေလ ရှင်ဘုရင်၊ ဟေဇကိမင်းသည် နာနေသောအခါ၊ သူသည် သေရမည်ဟု ဘုရားသခင်၏ ပရောဖက် တစ်ပါးက သတင်းစကားကို ယူဆောင်လာ၏။ သူသည် ထာဝရဘုရားကို ငိုကြွေးလျက် တောင်းပန်သဖြင့်၊ ထာဝရဘုရားသည် မိမိ ကျွန်၏ ဆုတောင်းသံကို ကြားတော်မူ၍၊ သူ၏ အသက်၌ တစ်ဆယ့်ငါးနှစ်ကို ဆက်၍ ပေးတော်မူမည် ဟူသော သတင်းစကားကို ကြားပြောစေတော်မူ၏။ ယခု ဘုရားသခင်ထံမှ စကား တစ်ခွန်းတည်းဖြင့် ဟေဇကိမင်းသည် ချက်ချင်း ကျန်းမာသွားလိမ့်မည်။ သို့ရာတွင်၊ “သင်္ဘောသဖန်သီး၏ အလုံးအထွေးကို ယူ၍ နယ်ပြီးမှ အနာကို အုံကြလော့။ ထိုသို့ပြုလျှင် မင်းကြီးသည် သက်သာလိမ့်မည်” ဟူသော ထူးခြားသော ညွှန်ကြားချက်ကို ပေးတော်မူ၏။ (ဟေရှာ၊ ၃၈: ၂၁။)CCB2 305.2

    လူနာအား ကျန်းမာလာစေရန် ကျွန်ုပ်တို့သည် ဆုတောင်းပြီးသောအခါ၊ အခြေအနေသည် မည်ကဲ့သို့ပင် ဖြစ်ပေါ်လာသော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း မပျက်ကြပါစေနှင့်။ ကျွန်ုပ်တို့သည် အနိစ္စရောက်ခြင်း အမှုနှင့် ကြုံတွေ့ရလျှင်၊ ခမည်းတော်၏ လက်တော်သည် ထိုဖလားကို ကျွန်ုပ်တို့၏ နှုတ်ခမ်း၌ ထားပေးတော်မူသည်ကို သတိရလျက်၊ ခါးသော ခွက်ကို လက်ခံကြစို့။ သို့ရာတွင် ကျန်းမာခြင်းကို ပြန်၍ ပေးတော်မူလျှငင်၊ ကျန်းမာခြင်း ကရုဏာကို ခံစားရသော သူသည် ဖန်ဆင်းရှင်၌ အသစ်သော တာဝန်ကို လက်ခံရမည်ကို မမေ့အပ်။ လူနူ ဆယ်ယောက်တို့သည် ကျန်းမာခြင်းသို့ ရောက်သောအခါ၊ တစ်ယောက်တည်းသာ သခင်ယေရှုကို ရှာ၍ ကိုယ်တော်၏ ဘုန်းတော်ကို ချီးမွမ်းရန် ပြန်လာလေ၏။ ကျွန်ုပ်တို့တွင် မည်သူမျှ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် စိတ်နှလုံး၌ ထိခိုက်ခြင်း မရှိဘဲ၊ အမှတ်မဲ့နေတတ်သော လူနူ ကိုးယောက်တို့နှင့် မတူကြပါစေနှင့်။ “ကောင်းမြတ် စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘ ထံတော်က သက်ရောက်သည် ဖြစ်င အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်း မရှိ၊ ပြောင်းလဲခြင်း အရိပ်နှင့် ကင်းလွတ်တော်မူ၏။” (ယာ၊ ၁: ၁၇။)1MH 225-233.CCB2 306.1

    * * * * *