Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    လွတ်မြောက်ရန် ကြိုးစားနေသော သူတို့အတွက် အောင်မြင်ခြင်း။

    ကျွန်ုပ်အား ဘုရားသခင်၏ လူများကို ပြရာ၊ သူတို့သည် ကြီးစွာ လှုပ်ရှားနေကြသည်ကို မြင်ရ၏။ အချို့သော သူတို့သည် ခိုင်ခံ့သော ယုံကြည်ခြင်း၊ ဝေဒနာ ပြင်းစွာ ငိုကြွေးခြင်းနှင့် ဘုရားသခင်အား တောင်းလျှောက်နေကြ၏။CCB2 371.1

    အချို့သော သူတို့သည် ဤကဲ့သို့ ဝေဒနာ ခံစားရခြင်း၊ တောင်းလျှောက်ခြင်း အမှုတွင် မပါဝင်ကြသည်ကို ကျွန်ုပ် မြင်ရ၏။ သူတို့သည် ဂရုမစိုက်၊ သတိမရှိကြဟု ထင်ရ၏။ သူတို့သည် သူတို့၏ ပတ်လည်ရှိ မှောင်မိုက်ကို မတားဆီးကြသဖြင့်၊ ၎င်းကို ထူထပ်သော မိုးတမ်ကဲ့သို့ ဖုံးအုပ်ထားလေ၏။ ဘုရားသခင်၏ ကောင်းကင်တမန်များသည် သူတို့ထံမှ ထွက်သွားပြီးနောက်၊ မိမိတို့၏ ခွန်အား ရှိသမျှ ဆိုးသော တမန်များကို တားဆီးရန် အားထုတ်နေကြလျက် မိမိတို့အား မစကူညီရန် ဘုရားသခင်အား ကြိုးစားလျက် တောင်းလျှောက်နေသော သူတို့ကို ကူညီရန် လျင်မြန်စွာ သွားနေကြသည်ကို ကျွန်ုပ် မြင်ရ၏။ သို့ရာတွင် မိမိတို့ ကိုယ်ကို ကူညီစေရန် မကြိုးစားသော သူတို့ထံမှ ကောင်းကင်တမန်တို့သည် ထွက်သွားကြသဖြင့်၊ သူတို့ကို ကျွန်ုပ်သည် မမြင်ရတော့ချေ။ ဆုတောင်းနေသော သူတို့သည် စိတ်အားထက်သန်စွာ ဆက်လက် တောင်းနေကြစဉ်၊ သူတို့ကို အားပေးရန် သခင်ယေရှုထံမှ အလင်းရောင်ခြည်သည် သူတို့ထံသို့ မကြာခဏ ရောက်ရှိလာ၍ သူတို့၏ မျက်နှာကို လင်းစေ၏။CCB2 371.2

    ကျွန်ုပ်သည် မြင်ရသော လှုပ်ရှားခြင်း၏ အဓိပ္ပါယ်ကို မေးမြန်းသောအခါ၊ လောဒိကိမြို့ရှိ အသင်းသားတို့အား ဟုတ်မှန်သော သက်သေခံက ပေးသော အကြံဉာဏ်အားဖြင့် ထွက်ပေါ်လာသော ဖြောင့်မှန်သော သက်သေခံချက်အားဖြင့် ထိုသို့ လှုပ်ရှားခြင်းကို ဖြစ်စေသည်ဟု ကျွန်ုပ်အား ဖော်ပြ၏။ ၎င်းသည် လက်ခံသော သူ၏ စိတ်နှလုံးပေါ်၌ အကျိုးသက်ရောက်စေသဖြင့် သူသည် စံနမူနာကို ချီးမြှောက်၍ ဖြောင့်မှန်သော သမ္မာတရားကို ဖော်ပြလိမ့်မည်။ အချို့သော သူတို့သည် ဖြောင့်မှန်သော ဤ သက်သေခံချက်ကို မဖော်ပြဘဲ နေကြလိမ့်မည်။ သူတို့သည် ၎င်းကို ဆန့်ကျင်ဖက်ပြုကြလိမ့် မည်။ ထိုအခါ ဤ အမှုသည် ဘုရားသခင်၏ လူတို့အထဲတွင် လှုပ်ရှားခြင်းကို ဖြစ်စေလိမ့်မည်။CCB2 371.3

    မှန်သော သက်သေ၏ သက်သေခံချက်ကို တစ်ဝက်ပင် ဂရုမစိုက်ဘဲ နေကြ၏။ အသင်းတော်၏ ကံကြမ္မာသည် တည်ရှိနေသော အရေးကြီးသော သက်သေခံချက်ကို လုံးလုံး ဂရုမစိုက်ဘဲ မနေကြသော်လည်း၊ ပေါ့ဆစွာ ထင်မှတ်ကြသည်။ ဤ သက်သေခံချက်သည် ကြီးစွာ နောင်တရခြင်း အမှုကို ပြုရလိမ့်မည်။ ၎င်းပြင် ၎င်းကို မှန်ကန်စွာ လက်ခံသော သူ အပေါင်းတို့သည် လိုက်နာသဖြင့် သန့်ရှင်းခြင်းသို့ ရောက်ကြလိမ့်မည်။CCB2 372.1

    နားထောင်လော့ဟု ကောင်းကင်တမန်က ပြောဆို၏။ မကြာမီ များစွာသော တူရိယာသံများနှင့် တူသော အသံကို ကြားရ၏။ ၎င်းသည် အလွန် ညီညာ၊ ချိုသာ၍ စုံလင်သော အသံ ဖြစ်၏။ ကျွန်ုပ် ကြားခဲ့ဘူးသော တူရိယာသံထက် သာ၍ ကောင်း၏။ ၎င်းသည် ကရုဏာ၊ သနားကြင်နာခြင်းနှင့် လည်းကောင်း မြင့်မြတ် သန့်ရှင်းသော ဝမ်းမြောက်ခြင်းနှင့် လည်းကောင်း၊ ပြည့်စုံသည်ဟု ထင်ရ၏။ ၎င်းသည် ကျွန်ုပ်တို့၏ တစ်ကိုယ်လုံးတွင် ထိခိုက်သွားစေ၏။ ကောင်းကင်တမန်က၊ သင် ကြည့်လော့ဟု ဆို၏။ ထိုအခါ များစွာ လှုပ်ရှားခြင်း ခံရသော လူစု ဘက်သို့ ဂရုစိုက် ကြည့်၏။ ဝေဒနာ ခံစားရသော သဘောနှင့် ငိုကြွေးလျက် ဆုတောင်းနေကြသော အထက်က ကျွန်ုပ် မြင်ခဲ့ဘူးသော လူတို့ကို ကျွန်ုပ်အား ပြ၏။ သူတို့ ပတ်လည်၌ စောင့်ရှောက်နေကြသော ကောင်းကင်တမန်တို့သည် နှစ်ဆ များပြားလာကြ၏။ ၎င်းပြင် သူတို့သည် ဦးခေါင်းမှ ခြေအထိ သံချပ်အင်္ကျီကို ဝတ်ဆင်ထားကြ၏။ သူတို့သည် စစ်သားများကဲ့သို့ ညီညာ မြဲမြံစွာ ရွေ့သွားကြ၏။ ပြင်းထန်သော တိုက်ပွဲကို ဝင်နွှဲလျက် အကြီးအကျယ် အားထုတ်နေရကြောင်း ပြသော်လည်း၊ ယခု သူတို့၏ အမူအရာသည် ကောင်းကင်၏ အလင်း၊ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်နေ၏။ သူတို့သည် အောင်မြင်ခြင်းကို ရရှိကြသဖြင့်၊ အလွန် ကျေးဇူးတင်သော သဘော နှင့် သန့်ရှင်းကြည်ညိုဖွယ်သော ဝမ်းမြောက်ခြင်း သဘောကို ပြကြ၏။CCB2 372.2

    ဤ အစုအဝေး၏ လူဦးရေသည် လျော့သွား၏။ အချို့တို့သည် လှုပ်ချခြင်း ခံရကြ၍ လမ်းဘေးတွင် ကျကန်ခဲ့ကြ၏။ (ဗျာ၊ ၃: ၁၅-၁၇။ ကို ကြည့်။) ဒုက္ခခံလျက် ကြိုးစား၍ တောင်းလျှောက်သော အောင်မြင်ခြင်း နှင့် ကယ်တင်ခြင်းကို အလွန် အလိုရှိသော သူတို့နှင့် မပါဝင် မပူးပေါင်းသော သတိ မရှိ အမှု မထားသော သူတို့သည် ၎င်းကို မရရှိကြသဖြင့် သူတို့သည် မှောင်မိုက်တွင် ကျန်ရစ်ခဲ့ကြ၏။ သို့ရာတွင် သူတို့၏ နေရာတွင် သမ္မာတရားကို ကိုင်စွဲ၍ ထိုနေရာသို့ ရောက်ရှိလာသူတို့နှင့် ချက်ချင်း ပြည့်သွားလေ၏။ ဆိုးသော တမန်တို့သည် သူတို့ ပတ်လည်တွင် ဝိုင်းရံလာကြသေး၏။ သို့ရာတွင် သူတို့သည် ထိုသူတို့ အပေါ်၌ စိုးမိုးရန် တန်ခိုး မရှိကြ။ (ဧ၊ ၆: ၁၂-၁၈။)CCB2 373.1

    သံချပ်အင်္ကျီများ ဝတ်ထားသော သူတို့သည် ကြီးစွာသော တန်ခိုးဖြင့် သမ္မာတရားကို ဟောပြောကြ၏။ ၎င်းသည် အကျိုးဖြစ်ထွန်း၏။ အချို့သော သူတို့သည် ချည်နှောင်ခြင်း ခံရသည်ကို ကျွန်ုပ် မြင်ရ၏။ ဇနီးများကို ခင်ပွန်း တို့က ချည်နှောင်ထားကြ၏။ သားသမီးတို့ကိုလည်း မိဘများက ချည်နှောင်ထားကြ၏။ သမ္မာတရားကို မကြားရအောင် တားဆီး ပိတ်ပင်ထားခြင်း ခံရသော ရိုးသားသော သူတို့သည် ယခု ၎င်းသမ္မာတရားကို စိတ်အားကြီးစွာ ကိုင်စွဲကြ၏။ မိမိတို့၏ ဆွေမျိုးများကို ကြောက်ရွံ့ခြင်း စိတ် ရှိသမျှသည် ကွယ်ပျောက်သွားကြပြီ။ သူတို့အတွက် သမ္မာတရား တစ်ခုတည်းသာ မြင့်မြတ်၏။ ၎င်းသည် အသက်ထက် နှစ်သက်ဖွယ်၊ သာ၍ အဖိုးတန်သော အရာ ဖြစ်၏။ သူတို့သည် သမ္မာတရားကို ဆာငတ်မွတ်လျက် နေကြပြီ။ အဘယ်ကြောင့် ဤကဲ့သို့ ကြီးစွာ ပြောင်းလဲခြင်း ဖြစ်သနည်းဟု ကျွန်ုပ်က မေး၏။ ကောင်းကင်တမန်က၊ ၎င်းသည် နောက်မိုး၊ ထာဝရဘုရားထံတော်မှ အားဖြည့်ပေးခြင်း၊ တတိယ ကောင်းကင်တမန်၏ ကျယ်သော ကြွေးကြော်သံ ဖြစ်၏ဟု ဖြေ၏။CCB2 373.2

    ရွေးချယ်ခြင်း ခံရသော ဤ သူတို့၌ ကြီးစွာသော တန်ခိုး ရှိ၏။ ကောင်းကင်တမန်က၊ ကြည့်လော့ဟု ဆို၏။ ကျွန်ုပ်သည် ဆိုးသော သူ၊ သို့မဟုတ် မယုံကြည်သော သူတို့ကို လှည့်ကြည့်၏။ သူတို့သည် လှုပ်ရှားနေကြ၏။ ဘုရားသခင်၏ လူတို့၌ ရှိသော စိတ်အားကြီးခြင်း နှင့် တန်ခိုးသည် သူတို့အား အမျက်ဒေါသထွက်စေ၏။ နေရာတိုင်းတွင် ရှုပ်ထွေးခြင်းကို တွေ့ရ၏။ ဘုရားသခင်၏ တန်ခိုး နှင့် အလင်းကို ရသော ဤ လူစုအား တိုင်းတာကြည့်သည်ကို ကျွန်ုပ် မြင်ရ၏။ သူတို့ ပတ်လည်၌ မှောင်မိုက်သည် ထူထပ်စွာ ဖုံးအုပ်လာ၏။ သို့ရာတွင် သူတို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို ခံရကြလျက် ဘုရားသခင်ကို ယုံကြည် အားကိုး၍ ရပ်နေကြ၏။ သူတို့သည် ရှုပ်ထွေးနေကြသည်ကို ကျွန်ုပ် မြင်ရ၏။ ထိုနောက် သူတို့သည် ဘုရားသခင်အား စိတ်အားကြီးစွာ ကြွေးကြော်ကြ၏။ သူတို့၏ ကြွေးကြော်သံသည် နေ့ည မပြတ်ချေ။ (လု၊ ၁၈: ၇၊ ၈။ ဗျာ၊ ၁၄: ၁၄၊ ၁၅ ကို ကြည့်။)CCB2 373.3

    ကျွန်ုပ်သည် ဤ စကားများကို ကြားရ၏။ အို၊ ဘုရားသခင်၊ ကိုယ်တော်၏ အလိုအတိုင်း ဖြစ်ပါစေ။ ကိုယ်တော်၏ ဘုန်းတော် ထင်ရှားစေဖို့ ဖြစ်လျှင်၊ ကိုယ်တော်၏ လူမျိုးအတွက် လွတ်မြောက်ရာလမ်းကို ဖွင့်ပေးတော်မူပါ။ ကျွန်ုပ်တို့ ပတ်လည်၌ ရှိသော ရုပ်ဆင်းတု ကိုးကွယ်သူတို့ထံမှ ကယ်နှုတ်တော်မူပါ။ သူတို့သည် ကျွန်ုပ်တို့အား သေစေခြင်းငှါ စီမံကြပါပြီ၊ သို့ရာတွင် ကိုယ်တော်၏ လက်တော်သည် ကယ်တင်ခြင်းကို ပေးနိုင်တော်မူ၏။ ဤ စကားများကိုသာ ကျွန်ုပ်သည် မှတ်မိ သတိရ၏။ မိမိတို့သည် မထိုက်မတန်ကြောင်းကို ကောင်းစွာ သိရှိ နားလည်ဟန် ရှိကြလျက်၊ ဘုရားသခင်၏ အလိုတော်ကို လုံးလုံး ဝန်ခံလိုကြောင်း ဖော်ပြကြ၏။ သို့ရာတွင် ယာကုပ်ကဲ့သို့ လူတိုင်းသည် ကယ်နှုတ်ခြင်း ခံရဖို့ရန် ခြွင်းချက် မရှိ ကြိုးစားလျက် တောင်းပန် တိုက်လှန်နေကြ၏။CCB2 374.1

    သူတို့သည် စိတ်အားကြီးစွာ ကြွေးကြော်ခြင်း အမှုကို အစပြုကြပြီးသောအခါ၊ ကောင်းကင်တမန်တို့သည် ထောက်ထား စာနာခြင်းနှင့် သူတို့အား ကယ်နှုတ်ရန် သွားလိုကြသည်၊ သို့ရာတွင် အရပ်မြင့်၍ အုပ်ချုပ်သော ကောင်းကင်တမန်က သွားဖို့ အခွင့်မပေး။ သူက၊ ဘုရားသခင်၏ အလိုတော်သည် မပြည့်စုံသေး။ သူတို့သည် ခွက်ကို သောက်ရဦးမည်။ သူတို့သည် နှစ်ခြင်းကို ခံယူရကြဦးမည်ဟု ပြောဆို၏။ သူတို့သည် နှစ်ခြင်းကို ခံယူကြဦးမည်ဟု ပြောဆို၏။CCB2 374.2

    မကြာမီ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကားသံတော်ကို ကြားရ၍ ကောင်းကင် နှင့် မြေကြီးသည် တုန်လှုပ်သွား၏။ (ယောလ၊ ၃: ၁၆။ ဟေ၊ ၁၂: ၂၆။ ဗျာ၊ ၁၆: ၁၇ ကို ကြည့်။) ကြီးစွာ မြေကြီး လှုပ်၏။ အဆောက်အဦးများသည် တုန်လှုပ်၍ နေရာတိုင်းတွင် ပြိုကျကြ၏။ ထိုနောက် အောင်မြင်ခြင်း နှင့် ကြွေးကြော်သံကို ချိုသာ၊ ထင်ရှား၍ ကျယ်စွာ ကြားရ၏။ များမကြာ မီက ဒုက္ခရောက်၍ ချည်နှောင်ခြင်း ခံရသော ဤ လူစုကို ကျွန်ုပ်သည် ကြည့်ရှု၏။ သူတို့သည် ချုပ်ထားခြင်းမှ ကင်းလွတ်ကြ၏။ သူတို့ အပေါ်၌ ဘုန်းတော် အလင်း ထွန်းတောက်လေ၏။ ထိုအခါ သူတို့သည် မည်မျှ လှပ တင့်တယ်ခြင်းနှင့် ပြည့်စုံကြသလဲ။ ပင်ပန်းခြင်း နှင့် စိုးရိမ်ခြင်း လက္ခဏာများသည် ပျောက်ကွယ်သွားကြပြီ။ သူတို့၏ မျက်နှာ၌ ကျန်းမာခြင်း နှင့် လှပခြင်းကို မြင်ရ၏။ သူတို့ ပတ်လည်၌ ရှိသော သူတို့၏ ရန်သူ၊ ရုပ်ဆင်းတု ကိုးကွယ်သူတို့သည် လူသေကဲ့သို့ လဲကျကုန်ကြလေပြီ။ ကယ်နှုတ်ခြင်း ခံရ၍ သန့်ရှင်းသော သူတို့ အပေါ်၌ ထွန်းတောက်သော အလင်းကို သူတို့သည် မခံမရပ်နိုင်ကြ။CCB2 374.3

    သခင်ယေရှုကို ကောင်းကင်၏ မိုးတိမ်များတွင် မြင်ရ၍ သစ္စာရှိလျက် စုံစမ်းခြင်း ခံရသော လူစုသည် မျက်စိတစ်မှိတ် တစ်ခဏခြင်းတွင် ဘုန်းတော်မှ ဘုန်းတော်သို့ ပြောင်းလဲခြင်းသို့ ရောက်သည် အချိန်တိုင်အောင် ဤ အလင်း နှင့် ဘုန်းတော်သည် သူတို့ အပေါ်၌ တည်ရှိနေ၏။ သင်္ချိုင်းများသည် ပွင့်လျက် သန့်ရှင်းသူတို့သည် မသေနိုင်သော အဖြစ်နှင့် ထွက်လာကြပြီး၊ သေမင်း နှင့် မရဏာ နိုင်ငံကို အောင်မြင်ပြီဟု ကြွေးကြော်ကြ၏။ ၎င်းပြင် အသက်ရှင်နေသော သန့်ရှင်းသူတို့နှင့် အတူတကွ သခင်ဘုရား အထံတော်သို့ ရောက်ခြင်းငှါ အာကသ ကောင်းကင်သို့ သူတို့သည် အတူတကွ ယူဆောင်ခြင်းကို ခံရကြ၏။ ထိုအခါ မသေနိုင်သော သူတိုင်း၏ နှုတ်မှ ဘုန်းတော်နှင့် လည်းကောင်း၊ အောင်မြင်ခြင်းနှင့် လည်းကောင်း၊ သီဆိုသော အလွန် သာယာသော သီချင်းသံသည် ထွက်ပေါ်လာ၏။ 31T 179-184;.CCB2 375.1

    Larger font
    Smaller font
    Copy
    Print
    Contents